
ဝိဇ္ဇာထွက်ရပ်ပေါက်ပညာမှာ သာသနာပအခါ၌ပင်လျှင် ရရှိနိုင်သော လောကီပညာရပ်တစ်မျိုးသာဖြစ်ပါသည်။ ထိုထွက်ရပ်ပေါက်ပညာကို အမည်အားဖြင့် သုံးစွဲလျှင် လောကီဂန္ဓာရီပညာဟု သုံးစွဲ...ပါသည်။ ဂန္ဓာရအမည်ရှိသောရသေ့စီရင်ပြုစုခဲ့သောကြောင့်လည်းကောင်း ဂန္ဓာရတိုင်း၌ဖြစ်သောအတတ် ပညာဖြစ်သောကြောင့်လည်းကောင်း ဂန္ဓာရီပညာ မည်သည်ဟု ဆိုလိုပါသည်။ ထိုဂန္ဓာရီပညာကို တတ်မြောက်သောပုဂ္ဂိုလ်သည် ထိုသို့သဘောရှိသောဒေသ၌လည်းကောင်း ကာလ၌လည်းကောင်း မန္တာန်ကိုရွတ်၍ များသောအပြားအားဖြင့်လည်း မိမိကိုယ်ကိုပြ၏။ ဆင်အစရှိသည်ကိုလည်းပြ၏။(ဖန်ဆင်းခြင်း)မမြင်အပ်သည်လည်းဖြစ်၏။ (ကိုယ်ယောင်ဖျောက်ခြင်း)မီးတိုင်လုံးကိုလည်းပြု၏။ (မိုးပျံခြင်း)ကောင်းကင်၌လည်းမိမိကိုယ်ကိုပြ၏။ အလုံးစုံကို မျက်လှည့်နှင့် အလားတူဟု မှတ်အပ်၏ဟူ၍ ပြထားပါသည်။ (သီလက္ခန်ဋီကာဟောင်းနှင့် ဋီကာသစ်) ထိုဂန္ဓာရီပညာကို စူဠဂန္ဓာရီပညာ(သုံးနှစ်ကျော်ကသေခဲ့ပြီးသော သတ္တဝါတို့၏ဖြစ်ရာဘုံဌာနကိုသိသော) မဟာဂန္ဓာရီပညာ(သုံးနှစ်ကျော်ကသေခဲ့ပြီးသော သတ္တဝါတို့၏ဖြစ်ရာဘုံဌာနကိုလည်းသိ ထို့ထက်အလွန်လည်းသိသော)ဟူ၍နှစ်မျိုးခွဲခြားထားကြပါသည်။ ထိုဂန္ဓာရီပညာကို ကောင်းစွာတတ်မြောက်ပြီးပါက အကြီးဆုံးရရှိနိုင်သောအကျိုးသုံးခုမှာ- ကောင်းကင်သို့ပျံတက်သွားလာနိုင်ခြင်း သူတစ်ပါး၏စိတ်ကိုသိနိုင်ခြင်း သက်တမ်းရှည်ရှည်နေနိုင်ခြင်းတို့ဖြစ်ပါသည်။ ထိုဂန္ဓာရီဝိဇ္ဇာဓိုရ်ကိုပင် ဇော်ဂျီဟုလည်း ခေါ်ကြသည်။ ဇော်ဂျီဟုမြန်မာများက မြန်မာပြန်ထားသော ဝေါဟာရများ၏ မူရင်းအခေါ်မှာ တပသီ ဖြစ်သည်။ အနိစ္စတရားလက်ကိုင်ထားသော ဗုဒ္ဓဘာသာ မပေါ်မီကမူဇော်ဂျီသည် မအိုမသေအမြဲနုပျိုနေလိမ့်မည်ဟု ယုံကြည်နေကြသည်။ ဗုဒ္ဓဘာသာပေါ်ထွန်းလာသောအခါ၌ပင်လျှင် သေခြင်းကိုသာတစ်ထစ်လျှော့လိုက်ပြီး အိုခြင်းကိုမူကားမလျှော့ တင်းထားကြသေးသည်။ အသက်သိန်းသန်းကုဋေရှည်၍ နောင်ပွင့်မည့်အရိမေတ္တေယျဘုရားကို စောင့်မျှော်နေကြောင်းနှင့် ၄င်းတို့အစွမ်းဖြင့်ဖန်တီး ထားသော ဥစ္စာသိုက်မှရွှေငွေများဖြင့် အရိမေတ္တေယျဘုရားရှင်အား ကျောင်းဆောက်လှူဒါန်းမည်ဖြစ်ကြောင်းများသည် မဟာယနဝါဒနွယ်လျက်ရှိပေသည်။ ဂန္ဓာရီဝိဇ္ဇာပညာမှာ သူ့ချည်းထားပါက အလွန်အဆင့်မြင့်သည်ဟုဆိုရမည်ဖြစ်သော်လည်း ဘုရားဟော ဈာန်သမာပတ်ဟုဆိုအပ်သော လောကီဝိဇ္ဇာပညာ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဟုဆိုအပ်သော လောကုတ္တရာ ဝိဇ္ဇာပညာတို့နှင့် နှိုင်းယှဉ်လိုက်ပါက ထိုဂန္ဓာရီဝိဇ္ဇာပညာမှာ အောက်ထစ်ဆုံးသို့ ရောက်သွားရပါသည်။ ဝိဇ္ဇာပညာ(၃)မျိုးကို မြင့်မြတ်ပုံအလိုက် စဉ်ရပါလျှင်- ၁။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟုဆိုအပ်သော လောကုတ္တရာဝိဇ္ဇာပညာသည် အကောင်းဆုံး အမြတ်ဆုံးဖြစ်၍ ဘုရားသာသနာတွင်းဖြစ်မှသာ အားထုတ်၍ရနိုင်ပါသည်။ ထိုပညာကိုရပြီးပါက နိဗ္ဗာန်ကိုရပြီဟု ခေါ်ရပါမည်။ ဘဝအဆက်ဆက်က ပြုခဲ့သော အပါယ်ဆွဲချမည့်အကုသိုလ်ကံများကို မဂ်ဉာဏ်ကပယ်သတ်ပေးလိုက်၍ ဘဝသံသရာတစ်လျှောက်လုံး အပါယ်လေးပါးသို့ မကျရောက်တော့ပါ။ ၂။ ဈာန်သမာပတ် လောကီဝိဇ္ဇာပညာမှာ ဒုတိယ အကောင်းဆုံးဖြစ်ပါသည်။ အမြဲတမ်းစိတ်ထား မြင့်မြတ်ဖြူစင်မှ ထိုပညာကိုရပါသည်။ ယုတ်မာ သောင်းကျန်းသောစိတ် ဝင်လာမိသည်နှင့် ဈာန်သမာပတ်များ ကွယ်ပျောက်ရပါသည်။ ၄င်းပညာကိုရပြီး မပျောက်ပျက်ပါက ဗြဟ္မာ့ဘုံသို့ ဧကန်မုချရောက်ရပါသည်။ ရူပပါဝစရစုတိယာ အဟေတုရဟိတာသိယုံ ဟူသော အဘိဓမ္မတ္တသင်္ဂဟပါဠိကိုထောက်၍ အပါယ်လေးပါးသို့ တိုက်ရိုက် မကျရောက်နိုင်တော့ပါ။ မြေလျှိုး မိုးပျံ အနည်း အများ ဖန်ဆင်းခြင်း အကုန်ပြုနိုင်သည်။ ၃။ ထွက်ရပ်ပေါက် ဂန္ဓာရီဝိဇ္ဇာပညာကား အောက်ဆုံးပညာပင်ဖြစ်ပါသည်။ သာသနာပအခါ၌လည်း ရနိုင်ပါသည်။၎င်းပညာကို ရရှိပါက ကောင်းကင်ပျံတက်နိုင်ခြင်း သူတစ်ပါးစိတ်ကိုသိခြင်း မီးထုံ ရေထုံကူးပြီးပါက သက်တမ်းရာချီနေနိုင်ခြင်းစသော အကျိုးတို့ကိုရ ပါသည်။ ၄င်းပညာရှင်များအတွက် အပါယ်တံခါးကား အမြဲဟင်းလင်းပွင့်နေပါသည်။ အကြောင်းကား-၄င်းလောကီဂန္ဓာရီပညာရှင်များမှာ သူတော်ကောင်းများရှိသလို သူယုတ်မာများလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဒေသနာ ဇာတ်နိပါတ်တော်များ၌လည်းပါရှိပါသည်။ ဝိဇ္ဇာဆိုလျှင် သာသနာပြု ကောင်းကင်ပျံလျှင် ရဟန္တာဟုချည်း ထင်မှတ်နေသူများအနေဖြင့် ဝိဇ္ဇာဓရဇာတ်လာ သူတစ်ပါးသားမယား ပြစ်မှားသော ကြာကူလီဝိဇ္ဇာမျိုး။ အဇာတသတ်အား ကောင်းကင်ပျံခြင်း ဖန်ဆင်းခြင်း အဘိဉာဏ်တန်ခိုးတို့ဖြင့် စည်းရုံးသိမ်းသွင်းကာ ဘုရားရှင်အား သွေးစိမ်းတည်အောင် သံဃာသင်းကွဲအောင် ပြုလုပ်ခဲ့သော ဒေဝဒတ်လိုရဟန်းမျိုး။ ဝိပဿနာအားထုတ်နေသောပုဂ္ဂိုလ်များအား မဂ္ဂင်လမ်းမှ လွဲသွားအောင် နိမိတ်ပုံအမျိုးမျိုးပြ၍ လမ်းလွှဲဖျက်ဆီးနေကြသော ဝတ်ဖြူစင်ကြယ်ဝတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များလည်းရှိကြောင်း သတိရှိကြစေချင်ပါသည်။ ထေရဝါဒအလိုအရ တကယ့်သီလ သမာဓိ ပညာကိုသာလျှင် ယုံကြည်ကိုးကွယ်အားထားကြရပါမည်။ ဤအချက်ကိုမလိုက်နာပဲ ထူးဆန်းအံ့သြဖွယ်ရာ များကိုသာ ဆက်၍အားကိုး ကိုးကွယ်မှားနေကြ မည်ဆိုလျှင် မသူတော်များပွားစီးပြီး သူတော်ကောင်းများ တောခိုပျောက်ကွယ်၍သာ နေကြပေလိမ့်မည်။ ဝိဇ္ဇာဓိုရ်ဂန္ဓာရီပညာ ထွက်ရပ်ပေါက်များနှင့်ပတ်သက်၍ လယ်တီဆရာတော်ဘုရားကြီးက- "အသက်ထောင်နှင့်ချီပြီးရှည်တဲ့နည်းကတော့ သာသနာပမှာလည်းရှိနိုင်တယ်.. သာသနာတော်မှာလည်း ဣဒ္ဓိပါဒ်ဆိုတာရှိတယ်.. ဒါပေမယ့် သစ္စာလေးပါးကိုမြင်ကြတဲ့ အရိယာသူ တော်ကောင်းကြီးတွေဟာ တစ်ရက်နေရရင် တစ်ရက်ဒုက္ခခံရတာပဲလို့ မြင်တော်မူကြလို့ ပရိနိဗ္ဗာန်စံဝင်ရတာကိုပဲအလွန်ဝမ်းသာလေ့ ရှိကြတယ်..အသက်ရှည်တာကို လိုလားတော်မမူ ကြဘူး..ဆံချည်မျှင်ဟာလက်ဝါးပေါ်မှာကပ်နေရင် မသိသာပေမယ့်လို့ မျက်စိထဲဝင်ရင် အလွန်သိသာသလို ပုထုဇဉ်နဲ့အရိယာတွေဟာ သင်္ခါရဒုက္ခကို မြင်ရာမှာ သည်မျှမက ကွာခြားတယ် အသက်ရှည်ချင်တဲ့ဝါဒ အရိမေတ္တယျဘုရားထိ အချိန်ဆွဲတဲ့ဝါဒဟာလည်း မမှန်ကန်ဘူး.. အရိယာဝိဇ္ဇာဆိုတာလည်း ဝေါဟာရတူပေမယ့် ဝိဇ္ဇာ ဇော်ဂျီတွေလမ်းစဉ်နဲ့ ဖြစ်နိုင်တာမျိုးမဟုတ်ဘူး.." "ပိလိန္ဒဝစ္ဆနဲ့ တစ်ခြားစီပါ မယောင်နဲ့ အင်းနဲ့ဆေးနဲ့ဓာတ်နဲ့ထွက်ကြတဲ့ ဝိဇ္ဇာကြီးတွေရဲ့ လောကမှာ အရိယာဖြစ်ဖို့ဆိုတာ အလွန်မအပ်စပ်တဲ့စကားပဲ..ဒါပေမယ့်သူတို့ကို အရိယာလို့အထင်ခံလိုကြတယ်.. ဒါသည်ပင် အရိယာလို့ ထင်နေတာလည်းဖြစ်နိုင်တယ်.. ကမ္မဋ္ဌာန်းတွေလည်း ဟောတတ်ကြတယ်.. သမထလောက်ပဲ သူတို့လိုချင်တယ် သံသရာက ထွက်မှာကို ကိုယ်တိုင်လည်းကြောက်တယ် သူများ ထွက်မှာကိုလည်း မလိုလားကြဘူး..စင်စစ်တော့ မြတ်စွာဘုရားရဲ့အနတ္တသာသနာတော်ကြီးကို မှေးမှိန်အောင် သတ္တဝါတွေအကြိုက် ဗန်းပြပြီး ဆွဲဆောင်နေကြတဲ့ အတ္တဝါဒကြီးပဲ..အရိယာဝိဇ္ဇာ ဆိုတာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုသာ ခေါ်တယ်.." "တစ်ကယ့်သီလကို အခြေခံမှသာရတာ တန်ခိုးပြတဲ့နေရာမှာ ဆင်တူယိုးမှားရှိသော်လည်း အခြေခံကအစ လုံးဝမတူကြဘူး.. အတ္တဝါဒုပါဒါန်တန်းလန်းကြီးနဲ့ နေကြတဲ့လူတိုင်း အသက်ရှည်တန်ခိုးပြတဲ့ လောကာယတ-သံသရာနယ်ချဲ့လမ်းစဉ်မှားကြီးကို ပရိယတ်အသိဉာဏ် နည်းရင်နည်းသလောက် အားကိုးမှားမိကြရှာတယ်.."ဟု သြဝါဒပေးသနားတော်မူခဲ့ပါသည်။ "သတ္တဝါတွေကိုစောင့်ရှောက်ချင်ရင် မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ဆရာတပည့်ဝါးလုံးထောင်တက်တဲ့ ဥပမာပြပြီး မြတ်စွာဘုရားဟောတော်မူတာရှိတယ်.. ဝါးလုံးကို ပခုံးပေါ်ထောက်ပြီး ထိန်းပေးတဲ့ဆရာရော တက်တဲ့တပည့်ရော ကိုယ့်အလုပ်ကိုယ်ရိုသေပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ရင် သူများကိုလည်းစောင့်ရှောက် ပြီးသားဖြစ်တယ်တဲ့..အဲဒီဥပမာအတိုင်း မိမိကမ္မဋ္ဌာန်းကို မိမိအားထုတ်နေတာဟာ သတ္တဝါတွေကို စောင့်ရှောက်နေတယ်လို့ မှတ်ရမယ်(အတ္တာနံ ရက္ခန္တောပရံ ရက္ခတိ).. သည်းခံတာ မေတ္တာ ကရုဏာ မုဒိတာ ပွားများ နေတာလည်း(ပရံရက္ခာန္တော အတ္တာနံ ရက္ခတိ) သူများကိုစောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြီးသားဖြစ်တယ် သိပ်ကျေးဇူးကြီးတဲ့ အလုပ်ကွဲ့.." (သက်တော် ၁၀၀ ရှည်သော ရဟန္တာဦးသာရွှန်း ခေါ် ဦးကဝိန္ဒ၏သြဝါဒ) ကိုးကား-အရှင်ဇဝန ဦးတိလောက ဦးဗဂျီငို သုန္ဒရဝင်း
No comments:
Post a Comment