ကျမ စာရေးဖို့  ကွန်ပြူတာရှေ့ ထိုင်တော့ ကွန်ပြူတာဘေးမှာ ကျမ ရဲ့  ပလိုင်းအိမ် ကဗျာစာအုပ်လေးကို တွေ့  လိုက်ရတယ်။ အတူနေတဲ့ အခန်းဖော်မိန်းကလေး ဖတ်လက်စ တန်းလန်းနဲ့  ထားသွားဟန်တူပါတယ်။
စာအုပ်မှာ မှတ်ရာလေး လုပ်ထားတာကို ကျမ တွေ့ ရတယ်၊ စာအုပ်လေးကို ကောက်ကိုင်လိုက်တော့
ပလိုင်းကြီးထဲက ဖိုးမူလေးရဲ့  ငိုမဲ့မဲ့အကြည့်နဲ့  ကျမ ထပ်ပြီး ဆုံရပြန်တယ်။
ကျမ ရင်ဘတ်တခုလုံး အောင့်တက်လာတယ်
မျက်လုံးအိမ်ထဲလည်း မျက်ရည်တွေ အိုင်ထွန်းလာပြီး
မျက်ရည်ပေါက်ကြီးတွေက ကျမ မျက်နှာပြင်တခုလုံးကို ဖုံးလွမ်းသွားပါတော့တယ်။
ဖိုးမူလေးရဲ့  ငိုသံ သဲ့သဲ့လေးကို ကျမ အတိုင်းသား ကြားနေရတယ်၊
ဒီပလိုင်းကြီးထဲမှာ
ဖိုးမူဘယ်လောက်ကြာကြာ နေရမှာလဲ၊
ပလိုင်းကြီးထဲမှာပဲ အိပ်
ပလိုင်းကြီးထဲမှာပဲ စား
ပလိုင်းကြီးထဲမှာပဲ နေ့ ရောညပါ နေနေရတယ်
ကျမရင်ထဲ ထိရှနာကျင်ခဲ့ရတဲ့ ကြေကွဲစရာတွေထဲက တခုပါပဲ။ အချိန်က မေလ ၂၀ရက်။ ၂၀၀၇ ခုနှစ်၊
သံလွင်မြစ်ကမ်းနံဘေးက ကရင်ပြည်တွင်းယာယီ ဒုက္ခသည်စခန်းတခုကို ဒုက္ခသည် ၂၀၀ ကျော်နဲ့ အတူ
ပြေးလွားရောက်ရှိလာတဲ့ ဖိုးမူတို့  မိသားစုနဲ့  ကျမ ဆုံခဲ့ရတယ်။
အမြောက်ဆံ ဗုံးဆံတွေကြားမှာ အလွယ်အပိုးကိုယ်စီနဲ့  အသက်လုပြေးလွားခဲ့ရ။
တောအထပ်ထပ် တောင်အထပ်ထပ် ချောင်းကြီး ချောင်းငယ် အသွယ်သွယ်ကို
အငတ်ငတ် အပြတ်ပြတ်နဲ့  ဖြတ်သန်း ပြေးလွားခဲ့ရတဲ့
ခြေကုန်လက်ပမ်းကျနေရတဲ့ ဒုက္ခသည်တွေကို မြင်ရတာဟာ
နာဇီအကျဉ်းစခန်းထဲက သုံ့ ပန်းတွေလိုပါပဲ။
ဒီထဲကမှ မိဘတွေရဲ့ ပုခုံးပေါ်မှာထမ်းပိုးထားတဲ့ ပုလိုင်းကြီးတွေထဲက
အားပြတ်။ နွမ်းဖတ်နေတဲ့ ကလေးတွေကို မြင်ရတွေ့ ရတာက ပိုပြီးကြေကွဲစရာ ကောင်းပါတယ်၊
သူတို့ လေးတွေဟာ မိဘတွေ မနိုင်တနိုင်ထမ်းပိုးထားရတဲ့ ပလိုင်းကြီးတွေထဲမှာ စားအိုးစားခွက်တွေနဲ့ အတူ
ခရီးကြမ်းကြီးထဲ လှုပ်မရ။ ရွေ့ မရ။ ငိုကြွေးခွင့်မရပဲ လိုက်ပါလာကြသူတွေပါ၊
စစ်တပ်စခန်းတွေနဲ့  ဝေးပြီလို့  ထင်ရတဲ့နေရာမှာ မိဘတွေ ခေတခဏနားကြရင်တောင်မှ
သူတို့ လေးတွေကတော့ သူတို့ ရောက်ရှိနေတဲ့ ပလိုင်းကြီးတွေထဲက ထွက်ခွင့် မရကြပါဘူး၊
စစ်တပ်တွေ နောက်က လိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေကြောင့်
သူတို့ လေးတွေဟာ နေ့ နေ့ ညည ပလိုင်းကြီးတွေထဲမှာပဲ အိပ်။
ပလိုင်းကြီးတွေထဲမှာပဲ စားသောက်နေထိုင်ပြီး လိုက်ပါကြရတာပါ၊
လှုပ်မရ။ ရှားမရ ပူအိုက်လောင်မြိုက်လွန်းလို့ ကလေးသဘာဝအရ ငိုကြွေးကြပြန်တော့လည်း
သူတို့ ရဲ့  ငိုသံကြောင့် ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် လမ်းပြတွေ။ မိဘတွေက
သူတို့ လေးတွေကို ဘာမီတွန်ဆေးပြားတွေ တိုက်ကြပါတယ်၊
ပလိုင်းကြီးတွေထဲ ချွေးတွေ။ မျက်ရည်တွေနဲ့  လုံးထွေးစီးကပ်ပြီး
နွမ်းဖတ်နေတဲ့ ကလေးတွေရဲ့  မျက်နှာလေးတွေကို မြင်ရတာနဲ့ တင်
သူတို့ လာရတဲ့လမ်း ဘယ်လောက် ကြမ်းတမ်းခက်ထန်တယ်ဆိုတာ သိသာပါတယ်၊
ရွာတွေ။ အိမ်တွေ ရှိရက်နဲ့  ဥယျာဉ်ခြံတွေ။ တောင်ယာတွေရှိရက်နဲ့  တောတွေတောင်တွေထဲ အသက်လု ပြေးလွားနေရ။
လှုပ်မရ ရှားမရတဲ့ ပလိုင်းကြီးထဲမှာ ဒုက္ခငရဲကျသလို ခံစားပြီး ငတ်ငတ်ပြတ်ပြတ်နဲ့  လိုက်ပါပြေးလွားနေရတဲ့ ဖိုးမူလေး(သမီးလေး)တဦးရဲ့  အတွေးထဲကို ကျမ ပူးဝင်ခိုကပ်ပြီး ပလိုင်းအိမ် ကဗျာလေးကို ရေးခဲ့ပါတယ်၊
ပုလိုင်းအိမ်
ဒီပုလိုင်းကြီးထဲမှာ
ဖိုးမူ ဘယ်လောက်ကြာကြာ နေရမှာလဲ။
ပုလိုင်းကြီးထဲမှာ အိပ်
ပုလိုင်းကြီးထဲမှာ စား
ပုလိုပ်ကြီးထဲမှာပဲ နေ့ရောညပါ နေနေရတယ်။
အဲဒီပုလိုင်းကြီးကို
ထမ်းပိုးထားရတဲ့ အပါးကိုလည်း သနားလှပါပြီ။
အမိုးနဲ့ ဒေးခွါးကိုလည်း သနားတာပဲ။
အပါးရဲ့ ပုဆိုးစုတ်နဲ့ သိုင်းပိုးထားတဲ့
အမိုးရင်ခွင်ထဲက ဒေးခွါးက
သူ့ လက်ကလေးတဖက်ကို မြောက်မြောက်ပြတယ်
သူလည်း ကွေးကွေးလေးနေရတာ ညောင်းလှပြီတဲ့။
တောင်တွေတက်တိုင်း
ချေးတွေ့ ဖြိုင်ဖြိုင်ကျတဲ့
အမိုးကိုလည်း မကြည့်ရက်ဘူး။
ဖိုးမူတို့ ဘယ်လောက်ကြာကြာ ပြေးနေရဦးမှာလဲ။
ထမင်းချည်းသက်သက်က ခုနှစ်ရက်။
မှိုတလှည့် မျစ်တလှည့်က ရှစ်ရက်။
ဝဥနဲ့ ကြွေးဥက သုံးလေးရက်
အခုတော့ ငှက်ပျောသီးနဲ့ ငှက်ပျောပင်
အဲဒီအပင်တွေ ကုန်သွားရင်
ဖိုးမူတို့ ဘယ်လို အသက်ရှင်မလဲ။
ပုလိုင်းအိမ်ထဲမှာ
ဖိုးမူတို့ ရွာ
ဖိုးမူတို့ တောင်ယာ
ဖိုးမူတို့ကို ရန်ရှာတဲ့
စစ်သားတွေအကြောင်းကို တွေးနေမိတယ်။
အဲဒီစစ်သားတွေဟာ
ဖိုးမူတို့ရဲ တောင်ယာဆန်ကို စားတယ်
အသီးအနှံတွေကို စားတယ်
ကြက်တွေ၊ ၀က်တွေကို စားတယ်
သူတို့ သွားချင်တဲ့နေရာ
သူတို့ နေမကောင်းတဲ့အခါလည်း
အပါးတို့ပဲ ထမ်းပို့ပေးခဲ့တယ်လေ။
အဲဒီစစ်သားတွေကပဲ
ဖိုးမူတို့ ရွာကိုဖျက်တယ်
တောင်ယာကို ဖျက်တယ်
ဥယျာဉ်ကို ဖျက်တယ်
ဖိုးမူတို့အားလုံးကိုလည်း သူတို့ပဲ ရန်ရှာတယ်။
ဖိုးမူ နားမလည်တော့ဘူး အပါးရယ်
ဖိုးမူတို့မှာ အိမ်ရှိရက်နဲ့
ပုလိုင်းကြီးထဲမှာပဲ အိပ်
ပုလိုင်းကြီးထဲမှာပဲ စား
ပုလိုင်းအိမ်ထဲမှာ
ဖိုးမူ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ။
အဲ့ဒီ ကဗျာလေးကို ရေးပြီး သိပ်မကြာခင်မှာပဲ ပလိုင်းအိမ်နဲ့  လူ့ အခွင့်အရေး ကဗျာများဆိုတဲ့ စာအုပ်ကို မိတ်ဆွေ။ သူငယ်ချင်းများရဲ့  ပံ့ပိုးကူညီမှုများနဲ့  ကျမ ထုတ်ဝေခဲ့ပါတယ်၊ ကဗျာစာအုပ်မျက်နှာဖုံးပုံကတော့ ပလိုင်းကြီးတခုထဲ ချွေးသံတွေ တရွဲရွဲနဲ့  ငိုမဲ့မဲ့ သမီးလေရဲ့ ပုံပါ၊ ဖိုးမူလေးရဲ့  နွမ်းနွမ်းဖတ်ဖတ်မျက်နှာလေးကို မြင်ရတိုင်း နာနာကျင်ကျင်နဲ့ ကျမ ကြေကွဲရပါတယ်၊
ပလိုင်းအိမ်နဲ့ ပတ်သက်ပြီး ပိုကြေကွဲခဲ့ရတာကတော့
ကျမ ညီမ အငယ်ဆုံးလေး ပြန်ပြီးပြောပြတဲ့ ကျမတို့ ရဲ့  ဘ၀ အပိုင်းအစတခုပါ၊
ကျမရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေး ထွက်ပြီးတဲ့ နောက်တနေ့ မှာပဲ ဒုက္ခသည်စခန်းတခုမှာ နေတဲ့
ကျမ ညီမ အငယ်ဆုံးလေး ကျမ ဆီကို ရောက်လာပါတယ်၊ စာဖတ် ၀ါသနာပါတဲ့ ညီမလေးကို ကျမရဲ့  ကဗျာစာအုပ်လေးကိုပေးတော့ မျက်နှာဖုံး ဓာတ်ပုံလေးကို သူ အကြာကြီး စိုက်ကြည့်နေတာကို ကျမ သတိထားမိပါတယ်၊
ညီမက သူစိတ်ဝင်စားတဲ့ အကြောင်းအရာအပေါ်မှာ ဒီလိုပဲ အချိန်ပေးတတ်တာမို့  ကျမလည်း သူ့ ကို ဘာမှ မမေး မပြောတော့ပဲ လုပ်စရာရှိတဲ့ အလုပ်တွေကိုသာ လုပ်နေခဲ့ပါတယ်၊ ညီမလေးနဲ့  ကျမဟာ ဆယ်စုနှစ် ၂ စုနီးပါးကြာမှ ပြန်လည်ဆုံတွေ့ ရသူတွေမို့ 
အပြောအဆို။ အနေအထိုင် အစစအရာရာမှာ အတော်လေးစိမ်းပါတယ်၊ အထူးသဖြင့် ကျမ ဘက်က ပိုစိမ်းတယ်လို့  ထင်ပါတယ်၊
မိဘ မောင်နှတွေနဲ့ ကွဲကွာပြီး ကြီးပြင်းရတဲ့ ကျမက သူတို့ အားလုံးကို စိတ်အနာကြီးနာပြီး စိမ်းစိမ်းကားကားရှိတယ်လို့  ပြောရင် ပိုမှန်ပါတယ်၊ စစ်ပွဲတွေကြောင့် အကျိုးကျိုးအကြေကြေ ဖြစ်ခဲ့ရတဲ့ ကျမ တို့ မိသားစုအကြောင်းကို ပြန်လည်သိခွင့်ရတဲ့အချိန်မှာ
“ငါထင်သလို ငါ့အပေါ် သူတို့ ရက်စက်ခဲ့တာ မဟုတ်ပါလားလို့  ကျမ အမြင်မှန် ရခဲ့သော်ငြားလည်း ဆယ်စုနှစ်(၂)ခုကြာ ဝေးကွာခဲ့ရတဲ့ သွေးကတော့ ယနေ့ ထက်တိုင် အေးနေတုန်းပဲလို့  ဆိုရမှာပါ၊
ညီမလေးကတော့ အမဆိုတဲ့ သံယောဇဉ်နဲ့  ကျမကို ခင်တွယ်ရှာပါတယ်၊
ကျမကတော့ ကျမရဲ့ များမြောင်လှတဲ့ အလုပ်တွေကိုသာ ဦးစားပေးခဲ့ပြီး ညီမလေးနဲ့  ခပ်စိမ်းစိမ်းပဲ နေခဲ့ပါတယ်၊
တကယ်တမ်းကတော့ ကျမရဲ့  ရင်ထဲကအနာတွေ ယနေ့ ထက်ထိ မကျက်နိုင်သေးတာကြောင့်လည်း
သူ့ အပေါ် စိမ်းနေခဲ့တာလည်း ဖြစ်ပါတယ်၊
ညီမလေးက ကျမလို ခံစားချက် မပြင်းသလို ကျမထက်လည်း ပိုရင့်ကျက်တယ်လို့  ဆိုရမလားပဲ၊
ကျမ မျက်နှာရိပ် မျက်နှာကဲကို အမြဲကြည့်တတ်တယ်၊
နိုင်ငံရေး။ လူမှုရေးတွေနဲ့  ကျမ အလုပ်များနေသလား၊
ခရီးစဉ်တွေ။ သတင်းကိစတွေ။ စာကဗျာကိစတွေနဲ့  ကျမ ၀န်ပိနေသလားဆိုတာကို အကဲခတ်ပြီးမှ ပြောသင့်တာကိုပြော၊ သူ့ ရင်ထဲ သိမ်းစရာရှိ သိမ်းဆည်းပြီး သိုသိုဝှက်ဝှက် ထိန်းထိန်းသိမ်းသိမ်း နေတတ်သူပါ၊
အဲဒီ ညကတော့ မှတ်မှတ်ရရပါပဲ၊ လကလည်း တော်တော်လေးသာတယ်၊
အိပ်ခန်းတံခါးကို ဖွင့်ထားတော့ အိပ်ခန်းတခုလုံးကို လရောင်က အပြည့်အ၀ နေရာယူထာုးတယ်၊
ကျမ အိပ်ယာထဲဝင်တော့ ကျမထက် အိပ်ယာဝင်စောတဲ့။ စောစောအိပ်တတ်တဲ့ ညီမလေး မအိပ်သေးတာကို တွေ့ လိုက်ရတော့ ကျမ အတော် အံ့သြသွားတယ်၊
မအိပ်သေးဘူးလားလို့  ကျမ မေးတော့ သူက အိပ်လို့ မရဘူးလို့  ပြောတယ်၊
“လက အရမ်းသာတယ်၊ ငါလည်း အိပ်ရမှာ နှမျောတယ်” လို့ သူ့ ကို ပြောတော့
သူက ကျမကို “နောခိုင်ကို ပြောပြစရာ တခုရှိတယ်”လို့  ပြောပါတယ်၊
“ဘာပြောမှာလဲ ပြောလေ”လို့  ကျမ ပြောတော့ သူတော်တော်နဲ့ စကားမစပဲ ငြိမ်နေတယ်၊
တော်တော်လေးကြာမှ “နောခိုင် ကဗျာစာအုပ်ထဲက ပလိုင်းထဲက ကောင်မလေးလေ”လို့  ပြောပြီး သူ ပြန်ငြိမ်သွားတယ်၊
“အဲဒီကလေးက ငါ သံလွင်သွားတုန်းကတွေ့ ခဲ့တာ အဲဒီတခေါက်သွားတုန်းက နင်မပါဘူး ”
ညီမလေးက ကျမ ဒုက္ခသည်စခန်းတွေ သွားတိုင်း။ တောထဲတွေ သွားတိုင်း လိုက်ပါတတ်သူမို့ 
သူ မပါပဲ သွားတဲ့ ခရီးကရလာတဲ့ အကြောင်းအရာတွေကို သူမေးတော့မယ်အထင်နဲ့  ကျမ ပြောလိုက်တာပါ၊
သူက ကျမ ပြောတာကို ငြိမ်ပြီး နားထောင်ပြီးမှ ကျမကို စကား ပြန်စတယ်၊
“နောခိုင်သိလား။ ကျမတို့  ငယ်ငယ်တုန်းကလည်း အမိုးတို့  အပါးတို့ က ကျမတို့ ကို ပလိုင်းထဲထည့်ပြီး ပြေးကြရတာ။ အဲဒီအကြောင်းတွေကို အမေက ကျမကို ခဏခဏ ပြောပြဖူးတယ်”၊
ညီမလေးရဲ့  စကားကိုကြားတော့ ကျမရဲ့  နှလုံးခုန်သံတွေ မြန်လာပါတယ်၊
တော်လှန်ရေးနယ်မြေမှာ မွေးခဲ့တာချင်းတူပေမယ့် ညီမလေးက ကျမ ထက် ဆင်းရဲဒုက္ခ ပိုပြီးခံခဲ့ရတာကို ကျမ သိတယ်၊ တော်လှန်ရေးလုပ်တဲ့ အဖေနဲ့  အဖေနဲ့ အတူရှိတဲ့ အမေ၊ အမေနဲ့  အနီးကပ်ရှိခဲ့တဲ့ ညီမလေးက
ကျမတို့ ရဲ့  မိသားစုအကြောင်း။ တော်လှန်ရေးမိသားစုတွေရဲ့  အကြောင်းကို ကျမ ထက် ပိုသိပါတယ်၊ ကျမရဲ့  ငယ်ဘ၀ အစိတ်အပိုင်းတချို့ တောင်မှ ညီမလေးဆီက ကျမ ပြန်ပြီး ကြားရတာပါ၊
အခုလည်း ကျမတို့ ရဲ့ ငယ်ဘ၀ တစိတ်တဒေသကို ညီမလေး ပြောပြနေပြန်ပြီ၊
“စစ်တပ်တွေ တက်လာလို့  အမိုးတို့  ပြေးရရင် စားအိုးစားခွက်တွေကို တနိုင်တပိုင်သယ်ပိုးပြီး ပြေးရတာတဲ့”
“ငယ်သေးတဲ့ လမ်းအဝေးကြီး မလျောက်နိုင်တဲ့ ကျမတို့ ကိုလည်း ပလိုင်းကြီးတွေထဲထည့်ပြီး ပြေးရတာတဲ့”
“အဲဒီလို ပြေးရလွားရပြီဆိုရင် နောခိုင်က အရမ်းအငိုသန်တာပဲလို့  အမေက ကျမကို ပြောဖူးတယ်”၊
ညီမလေး ပြောတာဟုတ်မှာပါ၊ ကျမ အငိုသန်ခဲ့လို့ ပဲ ညီမလေးတို့ နဲ့ ကျမ နှစ်ပေါင်းများစွာ ကွဲကွာခဲ့ရတာ၊ ဒီစကားကို အမိုးလည်း ကျမကို ပြောပြဖူးတယ်၊
“နင်ငယ်ငယ်က အရမ်းအငိုသန်တော့ နင့်အဖေ သိပ်စိတ်ညစ်တယ်၊
ရန်သူတွေကလည်း နီးလာပြီ၊ နင်ကလည်း ဘာကြွေကြွေး အငို မတိတ်ဘူး၊
နင်ငိုတော့ ပုန်းရခိုရတာ မလုံခြုံတော့ဘူး၊
နင့်အဖေက နင့်ကြောင့် သူ့ ရဲဘော်တွေ ဒုက္ခရောက်မှာ အရမ်းစိုးရိမ်တာပဲ” တဲ့၊
ဒီစကားကို ကြားရတုန်းက ကျမ အဖေ့ ကို အရမ်းစိတ်နာတာပဲ၊
ကျမထက် အဖေက သူ့ ရဲဘော်တွေကို ပိုချစ်ခဲ့တယ်ဆိုပြီး အဖေ့ကို ကျမ စိတ်နာတယ်၊
ကျမကို အဒေါ်တွေနဲ့ ပေးပစ်ခဲ့တဲ့ အမိုးကို ကျမ စိတ်နာတယ်၊
ကျမအပေါ် ချစ်ချစ်ခင်ခင်မရှိတဲ့ မောင်နှမတွေကို ကျမ စိတ်နာခဲ့တယ်၊
ကျမကို မိသားစုတွေနဲ့  ကွဲကွာအောင်ဖန်တီးခဲ့တဲ့ စစ်ပွဲတွေကို ကျမ စိတ်နာတယ်၊
တော်လှန်ရေးနယ်မြေကို ပြန်ရောက်ပြီး တော်လှန်သူတွေနဲ့  လက်ပွန်းတတီးရှိခဲ့။
တော်လှန်သူတွေရဲ့ ဘ၀အထွေထွေကို ခံစားနားလည်ခဲ့တာတောင်မှ မိဘ။ မောင်နှမတွေအပေါ်
နာကျည်းခဲ့တဲ့ ကျမရဲ့  နာကျည်းစိတ်တွေကတော့ တော်တော်နဲ့  လျော့ပါးမသွားခဲ့ဘူး၊
ဒါကြောင့်မို့ ပဲ ထင်ပါတယ်၊ ကျမ အဖေ တော်လှန်ရေးသမားကြီးဖြစ်တာကို ကျမ ဂုဏ်ယူ တတ်ခဲ့ပေမယ့်
အဖေ ဆုံးတယ်ဆိုတဲ့ သတင်းကိုကြားရတဲ့ ကျမ မျက်ရည်တစက်မှ မကျခဲ့ဘူး၊
(၁၁)လ သမီးအရွယ်ထဲက ကွဲကွာခဲ့ပြီး အဖေဆုံးတဲ့အချိန်အထိ တခါမှ ပြန်တွေ့ ခွင့်မရတဲ့
အဖေဆိုသူတယောက်ရဲ့  ပုံရိပ်ကို ကျမ စိတ်မှန်းနဲ့  အကြိမ်ကြိမ် ပုံဖော်ကြည့်ခဲ့ပေမယ့်
ကျမ မျက်လုံးအိမ်မှာ ဘယ်လိုမှ အဖေ့ ပုံရိပ် မထင်ခဲ့ဘူး၊
အမေနဲ့  မောင်နှမတွေ ပြောတဲ့ အဖေ့ရဲ့  ပုံရိပ်၊
အဖေ့ ညီအကိုတွေ ပြောတဲ့ အဖေ့ပုံရိပ်၊
အဖေ့ ရဲဘော်ရဲဘက်တွေ ပြောတဲ့ အဖေ့ပုံရိပ်ကို ပုံဖော်ရတာဟာ
ကျမအတွက်တော့ မျက်မမြင်ပုဏား(၆)ယောက် ဆင်ကြီးတကောင်ကို ပုံဖော်တာထက် ပိုခက်ခဲပါတယ်၊
ကျမက မျက်စေ့မြင်ပေမယ့် ကျမ မမြင်ရတဲ့ အဖေ့ပုံရိပ်က ကျမအမြင်အာရုံထဲမှာ ပီပီပြင်ပြင် ထင်မလာခဲ့ဘူး၊
အဖေ ကျမကို ချစ်တော့ ချစ်ခဲ့တယ်လို့  ကျမ ထင်တယ်၊
အဲ့ဒီညကလည်း ပလိုင်းကြီးတခုထဲမှာ ကျမကိုယ် ကျမ ထည့်ကြည့်တယ်၊ ညီမလေးကို ထည့်ကြည်တယ်၊
ကျမ အဖေဆိုသူ တော်လှန်ရေးသမားကြီးက ကျမနဲ့  ညီမလေးကိုထမ်းပိုးပြီး ပြေးလွားနေတဲ့ပုံကို ကျမ ပုံဖော်ကြည့်မိတယ်၊ မျက်ရည်စီးချောင်းတွေကြားမှာ အဖေဆိုသူရဲ့  ပုံရိပ်ဝိုးတ၀ါးက ကျမရဲ့  နိုးတ၀က်အိပ်မက်တွေကို သိမ်းယူသွားခဲ့ပါတယ်၊
ပလိုင်းကို အိမ်လုပ်ပြီးနေရတဲ့သူတွေရဲ့  သက်တမ်းဟာ ကျမ အသက်နဲ့  တွက်ရင်တောင်မှ နှစ်ပေါင်း(၅၀)ကျော် ခဲ့ပါပြီ၊ ကျိုးကြေခဲ့ရတဲ့ ဘ၀တွေကတော့ ထောင်ပေါင်းများစွာ ချီခဲ့ပြီပေါ့၊
ယနေ့ ချိန်ထိ တိုက်ပွဲသံတွေ ကျမတို့  ကြားနေရတုန်း၊
ပလိုင်းကို အိမ်လုပ်ပြီး အသက်လုပြေးနေတဲလူတွေ မနားတမ်းပြေးနေရတုန်းပါ၊
စစ်ပွဲတွေ ရှိနေသရွေ့  ဘ၀ပေါင်းများစွာ တစစီ ကျိုးကြေနေရဦးတော့မှာပါ၊
မေလ။ ၁၁။ ၂၀၀၉