Wednesday, February 25, 2015

မြန်မာ လူမျိုးတွေ အဆင်မပြေ ကြဘူး။ စားဝတ်နေရေး ခက်ခဲကြတယ်။ ဆင်းရဲကြတယ်။


မြန်မာ လူမျိုးတွေ အဆင်မပြေ ကြဘူး။
စားဝတ်နေရေး ခက်ခဲကြတယ်။
ဆင်းရဲကြတယ်။
ဒုက္ခတွေ ရောက်ကြရတယ်။
ဒါတွေကို ဘယ်သူလုပ်တာလဲလို့...
မေးတဲ့သူရှိရင်
ကျွန်တော်ကတော့..
မြန်မာလူမျိုး အချင်းချင်း လုပ်တာပါလို့ပဲ ဖြေမယ်။
ဒါကိုမှ မရှင်းသေးရင်တော့..
ကိုယ့်အတွက် ကိုယ်ပဲ ကြည့်တတ်ပြီး
ပြည်သူအတွက် လုံးဝ မစဉ်းစား
မတွေးတောတတ်တဲ့ လူကြီးတွေ လုပ်တာလို့ ထပ်ဖြေမယ်။
တကယ်တော့
ပြည်သူတွေ ဆင်းရဲရတာ
ဒုက္ခတွေ ရောက်ကြတာ
ဒါတွေ အားလုံး အားလုံးဟာ အတွေးမဲ့တဲ့ လူကြီးတွေကြောင့်။
ငါ့နိုင်ငံသား
ငါ့လူမျိုးအတွက် ဆိုပြီး ကြည့်မပေးတတ်ပဲ
ငါတစ်ယောက် အဆင်ပြေရင် ပြီးပြီလို့ တွေးနေတဲ့ စိတ်တွေကြောင့်။
တကယ်တော့ ..
လူကြီးတွေမှာ
နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် မရှိကြဘူး။
ဒီလို ကျွန်တော် ဘာကြောင့် ရေးရ သလဲ ။
ကျွန်တော် ရှင်းပြမယ်။
ဒါကိုမပြောခင်..
အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ မလေးရှား ၊ စက်ာပူနဲ့ ၊ ထိုင်းနိုင်ငံတို့ရဲ့
လူတစ်ယောက်ရတဲ့ အခြေခံလစာကို အရင်ဆုံး ပြောပြမယ်။
မလေးရှားမှာဆိုရင် နိုင်ငံစုံက စက်ရုံတွေလာပြီး တည်ထောင်ကြတယ်။
ဒါပေမယ့်..
သူ့နိုင်ငံမှာ အခြေခံလုပ်အားခကတော့..
မြန်မာငွေနဲ့ ဆိုရင် အနည်းဆုံး ၂ သိန်းခွဲ ။
ဒါက အစိုးရက သတ်မှတ်ပေးတာ။
ထိုင်းနိုင်ငံလည်း ဒီလောက်ပဲ။
သိပ်မကွာဘူး။
အချိန်ပို ရှိတဲ့သူတွေဆိုရင် အချို့ ၄ သိန်းကျော် ၅ သိန်း။
စက်ာပူဆိုရင်တော့ ဒီ့ထက်ပိုဖို့ပဲ ရှိတော့တယ်။
ဒါပေမယ့်..
မြန်မာနိုင်ငံရဲ့ အခြေခံလစာဟာ
၁ သိန်းတောင် မပြည့်တာ လူတိုင်းလည်း အသိ။
အဲ့ဒီလို အနေအထားမှာ
နိုင်ငံတကာက..
အထည်ချုပ် စက်ရုံပိုင်ရှင်တွေဟာ
မြန်မာပြည်ကို မျက်စိ အရမ်းကျခဲ့ကြပြီး
အထည်ချုပ်စက်ရုံတွေ တစ်ရုံပြီး တစ်ရုံ ထူထောင်ခဲ့ကြတာဟာ
ဘာလို့လဲ။
သူတို့...
ဘာလို့ လာပြီးတော့ ထောင်ကြတာလဲ။
ဘယ်လို တွက်ချေကိုက်လို့လဲ။
တကယ်တော့ ...
နိုင်ငံတခုနဲ့ တခု လစာ ကွာခြားချက်ကြောင့်
လူတစ်ယောက်အတွက်
အခြေခံလစာ တစ်ခုတည်းမှာတင်
စက်ရုံပိုင်ရှင်တွေဖက်က
၁ သိန်းခွဲ အမြတ်ကျန်နေပြီ ။
အယောက် တစ်ရာ ဆိုရင် သိန်းတစ်ရာ့ ငါးဆယ်။
အယောက် တစ်ထောင်အထိ အလုပ်သမားသုံးနိုင်ရင်တော့
သိန်းပေါင်းထောင့်ငါးရာဟာ စက်ရုံပိုင်ရှင်အတွက်
တစ်လ တစ်လ အသားတင် အမြတ်ငွေ ဖြစ်သွားတယ်ဆိုတာ
မတွက်ကြဘူးလား။
ဒါဆိုရင်.. .
ဘယ်သူတွေ ဘက်က အရမ်းနစ်နာနေတာလဲ။
ဘယ်သူတွေ လူညွှန့်ခူးစားခံရတာလဲ။
ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်ထားတာလဲ။
တကယ်တော့ ဒါမျိုးတွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် အရမ်းနစ်နာတယ်ဆိုတာ
သိတဲ့သူတွေက သိရဲ့သားနဲ့
ဘာလို့ နှုတ်ပိတ် နေကြတာလဲ။
စက်ရုံပိုင်ရှင်ဆိုတာ နိုင်ငံခြားသား။
အလုပ်သမားတွေကတော့ မိမိတို့ နိုင်ငံက
မြန်မာပြည်သားတွေ။
နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်သာ ရှိမယ်ဆိုရင်
အဲ့ဒီလို စက်ရုံ အလုပ်ရုံတွေနဲ့
ပြည်ပကို တင်ပို့နေရတဲ့ ပစ္စည်းလုပ်တဲ့ စက်ရုံတချို့က
အလုပ်သမားတွေရဲ့ လစာကို တိုးမြှင့်ပေးဖို့
လုပ်ဆောင်သင့်တယ်။
ဒါက အနိမ့်ဆုံး မလေးရှား ၊ ထိုင်းတို့နဲ့ တွက်တာ။
စက်ာပူလို ဥရောပလို့ နိုင်ငံမျိုးနဲ့ တွက်ရင်
စက်ရုံပိုင်ရှင်တွေအနေနဲ့
ဘယ်လောက်တောင် အမြတ်ကျန်နေပြီလဲ ဆိုတာ တွေးကြည့်သူတိုင်း သိမှာပါ။
မိမိတို့လူမျိုးတွေ ဘယ်လောက်နစ်နာခဲ့ပြီးပြီလဲ။
အဲဒီအထည်ချုပ်စက်ရုံတွေက အထည်တွေဟာလည်း
ဥရောပလို အမေရိကလို နေရာတွေအထိ တင်ပို့နေတာကိုရော
လူကြီးတွေက မသိကြတာလဲ မဟုတ်ပဲ
ဘာလို့ လစာတိုးပေးဖို့ တွန်ဆုတ်နေရတာလဲ။
ဒါကြောင့်.. .
မြန်မာလူမျိုးတွေ ဆင်းရဲရတာ ဒုက္ခရောက်ရတာ
မြန်မာလူမျိုး အချင်းချင်း ကြောင့် ပါပဲ။
အဲဒီလို စက်ရုံပိုင်ရှင်တွေက ချမ်းသာသထက် ချမ်းသာပြီး
စက်ရုံတွေ တစ်ရုံပြီး တစ်ရုံ တိုးချဲ့ နိုင်ပေမယ့်
အဲဒီလိုလုပ်ငန်းခွင်က လူတွေ ဒီနေ့အထိ အဆင်မပြေ နိုင်ကြတာ။
ဒီနေ့လို လုပ်အားခ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြမှု့တွေ ကို
မြင်ရတော့ သူတို့ကို သနားမိတယ်။
ထိုက်သင့်တဲ့ လုပ်အားခ မရနိုင်ပဲ
နိုင်ငံတကာနဲ့ ယှဉ်ရင် လုပ်အားခ ခေါင်းပုံဖြတ်ခံရတာကို
မကျေမနပ်ဖြစ်မိတယ်။
နိုင်ငံသားတစ်ယောက် မြန်မာလူမျိုး တစ်ယောက်အနေနဲ့
မချိတင်ကဲ ဖြစ်မိတယ်။
တာဝန်ရှိ လူကြီးတွေ အနေနဲ့ကရော
ကျွန်တော်လို မခံစားရဘူးလား။
နိုင်ငံနဲ့ လူမျိုးအတွက် နစ်နာနေတာကို ဒီအတိုင်းပဲ
လက်ပိုက်ကြည့်ရင်း
လစာတိုးပေးဖို့ တောင်းဆိုနေတဲ့
သူတို့ကို အရေးယူဖို့ လုပ်ဦးမှာလား။
တကယ်တော့...
လူကြီးမင်းတို့ရဲ့
နိုင်ငံအတွက် ပြည်သူအတွက်ဆိုပြီး
ထည့်သွင်းစဉ်းစားမှု့ မရှိခြင်းက
နိုင်ငံလည်း ဆင်းရဲ
ပြည်သူလည်းမွဲပြီး
နောက်ဆုံးတော့
အောက်ကပုံထဲကလို ဘဝမျိုးတွေပဲ
များသထက် များလာတာကို
လူကြီးမင်းတို့ရဲ့ ကားထဲက မြင်တွေ့ရတော့မှာပါခင်ဗျာ။
လူကြီးမင်းတို့ ချမ်းသာသထက် ချမ်းသာနိုင်ကြပါစေလို့ ဆုတောင်းရင်း
ဘုန်းထက်ကြယ်

No comments:

Post a Comment