Monday, December 9, 2013

မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း
မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ရာ၌ ပုံတော်ဘုရားကို ကိုးကွယ်ခြင်းနှင့် ဂုဏ်တော်
ဘုရားကို ကိုးကွယ်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။

၁။ ပုံတော်ဘုရားကို ကိုးကွယ်ခြင်းဟူသည်ကား သက်တော်ထင်ရှား မြတ်စွာဘုရား၏ ပုံတော်ကို
ထုလုပ်ထားသော ဆင်းတုတော်ကို ကိုးကွယ်ခြင်းကို ခေါ်ပါသည်။ ထိုဆင်းတုတော် တို့ကို
သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အဖြစ် (ကိုယ်စားတော်အဖြစ်) ကိုးကွယ် ဆည်းကပ်ပါက
ဆည်းကပ်သူတိုင်းကို အကျိုးပေးသည်။

မြတ်စွာဘုရာရှင် ပုံတော်အား ထုလုပ်ပူဇော်ကြရာတွင် မတ်တတ်ရပ်တော်မူပုံ၊ ထိုင်နေတော်မူပုံ၊
လျောင်းတော်မူပုံဟူ၍ သုံးမျိုးသုံးစား ထုလုပ်ပူဇော်လေ့ရှိလေသည်။
ထိုသုံးမျိုးကို ဥဒ္ဒိဿက စေတီသုံးမျိုးဟု ခေါ်ဆိုလေသည်။

မတ်တတ်ရပ်တော်မူပုံထုရာတွင်လည်း
(၁) ဗျာဒိတ်ပေးတော်မူပုံ (၂) ဒေသစာရီ ကြွချီပုံ (၃) နာဠာဂီရိဆင်ကို
အောင်မြင်တော်မူပုံ
(၄) မတ်တတ်ရပ်တော်ဖြင့် အလှူခံတော်မူပုံ (၅) ရှောင်တခင် ကြွရောက်သတိပေးခြင်း၊
သြ၀ါဒပေးခြင်း ပြုလုပ်တော်မူပုံ စသည်ဖြင့် အမျိုးမျိုး ပူဇော်ကြသည်ကို တွေ့ရသည်။

ထိုင်နေတော်မူပုံတွင်
(၁) ဈာနမုဒြာ ပုံတော်

(ဈာန်သမာပတ်ဝင်စားပုံ - စက္ခုနြေ္ဒချထား၍ ၀ဲဘက်လက်ဝါးပေါ် ယာလက်ဝါးတင်၍

တရားထိုင်သည့်ဟန်)
(၂) ဓမ္မစကြာတရားဦး ဟောတော်မူပုံ

(၀ဲဘက် လက်ခလယ်ကို ယာဘက်လက်ညှိုးဖြင့် ထောက်ပြသည့်ဟန်)
(၃) ဘူမိဖဿ ပုံတော်

(ယာဘက်လက်ကို မြေကြီးထိစေလျက် ၀ဲဘက် လက်ခလယ်ကို တင်ပလ္လင်ခွေပေါ်မှာ

ပက်လက်လှန်ထားသည့်ဟန်) စသည်ဖြင့် ပုံတော်အမျိုးမျိုး တွေ့ရသည်။

မြတ်စွာဘုရားရှင်တို့၏ ထိုင်ခြင်း
မြတ်စွာဘုရားသည် အရှေ့အရပ်သို့ မျက်နှာမူ၍သာ ထိုင်တော်မူလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားဖြစ်တော်မူချိန်မှာပင် အရှေ့ဘက်သို့ မျက်နှာမူကာ
ထိုင်နေတော်မူသည်။

မြတ်စွာဘုရားရှင်တို့၏ လျောင်းတော်မူခြင်း
မြတ်စွာဘုရားသည် လျောင်းတော်မူသည့်အခါတွင် ခြင်္သေ့မင်းကဲ့သို့ ယာဘက်ကို စောင်းလျက်လဲလျောင်း
ကျိန်းစက်လေ့ရှိသည်။ ယာဘက်ခြေတော်ပေါ်၌ ၀ဲဘက်ခြေတော်ကို အနည်းငယ်လွန်၍ ထား၏။
ခြေဖ၀ါးနှစ်ခု တညီတည်းထားလျှင် ဒူးဆစ်တော်အချင်းချင်း၊ ဖမျက်တော်အချင်းချင်း
ထိခိုက်နေ၍ နာကျင်ခြင်း ဖြစ်တတ်သည်။
မြတ်စွာဘုရားရှင် ပုံတော်များကို အကျိုးများအောင် ဖူးမြော်ကြည်ညိုနည်း

အထက်ဖော်ပြပါ ဥဒ္ဒိဿက စေတီများကို ထုလုပ်ကိုးကွယ်ကြရာတွင်-
(က) ကြွချီတော်မူပုံ (ခ) ရပ်တော်မူပုံ (ဂ) ထိုင်နေတော်မူပုံနှင့် (ဃ)
လျောင်းတော်မူပုံ စသော ဘုရားရှင်၏ ပုံတော်များကို အများဆုံး ဖူးတွေ့နိုင်ပေသည်။
ထိုပုံတော်များကို ဖူးတွေ့ကြရသည့် အခါ မိမိ၏ စိတ်အစဉ်တွင်

ကြွချီတော်မူပုံကို ဖူးတွေ့ရလျှင် ……..

မြတ်စွာဘုရားရှင်သည် နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က ၁၀၈ ကွက်သော စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူ သည့်အခါတွင်လည်း
ဝေနေယျသတ္တ၀ါတို့၏အကျိုးကို သယ်ပိုးဆောင်ရွက် တော်မူ၏။ ကြွသွားတော်မူပုံကို ထုလုပ်ထားသော ရုပ်ပုံ
ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် ရုပ်ပွားတော်လောက်သာ
စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာ ဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်၊
မြင်ယောင် ဖြစ်စေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြည်ညိုကြရပါမည်။ ဥပမာအနေဖြင့် - မိမိအိမ်၌
မိဘဘိုးဘွားတို့၏ ဓာတ်ပုံကို မြင်ရလျှင် ဓာတ်ပုံလောက်တွင်သာမက အသက်ရှင်တုန်းအခါက
မိဘဘိုးဘွားကိုပါ တခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေကိုပါ ထင်ယောင်၊
မြင်ယောင်ဖြစ်လာသကဲ့သို့ပင် ဖြစ်ပေသည်။

ရပ်တော်မူပုံကို ဖူးမြင်ရသော် ….

ဗုဒ္ဓမြတ်စွာဘုရားသည် ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ရပ်တော်မူလျက် ဝေနေယျ သတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ရပ်တော်မူနေပုံကို
ထုလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် သက်တော် ထင်ရှား
ဘုရားရှင်ကိုယ်တော်မြတ်သည် ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင်
မြင်ယောင် ဖြစ်လာစေလျက် ရိုသေစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ထိုင်နေတော်မူပုံကို ဖူးမြင်ရလျှင်လည်း
……..

သက်တော်ထင်ရှား ဘုရားရှင်သည် ပရိသတ်လေးပါးတို့ အလယ်တွင် ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးလျက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူလျက် တရားဟောပြောကာ သတ္တ၀ါအများ၏အကျိုးကို
ဆောင်ရွက်တော်မူခဲ့ပါသည်။ ထို့ကြောင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို
ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ
စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အနီးထံပါးဝယ် တရားဓမ္မသြ၀ါဒတော်များ
လိုက်နာကြားနာနေကြရသကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြရပါမည်။

လျောင်းတော်မူပုံကို ဖူးမြော်ရစဉ်တွင် ………

မြတ်စွာဘုရားသခင်သည် ညဥ့်အခါ ဂန္ဓကုဋီတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက် နတ်ဗြဟ္မာများ၏ လျှောက်ထားလာသမျှသော အမေးပုစ္ဆာမှန်သမျှတို့ကို ဖြေရှင်းဟောပြတော် မူ၍
သတ္တ၀ါတို့၏အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ
ရွှေသာလျောင်း-ဟုခေါ်ဆိုအပ်သော လျောင်းတော်မူပုံကို ဖူးတွေ့ရသည်ရှိသော်
သက်တော်ထင်ရှား မြတ်စွာဘုရားသည် အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို
ထင်မြင်လာအောင် ဖူးမြော်ကြည်ညိုကြရန် ဖြစ်ပါသည်။

ဤသို့ ပုံတော်အမျိုးမျိုးကို ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းသည် ကုသိုလ်အကျိုးထူးကို
ဖြစ်စေပါသည်။ သို့သော် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ၀က္ကလိရဟန်းကဲ့သို့
လိုတော့ မဖြစ်စေချင်ပါ။ ၀က္ကလိရဟန်းသည် ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို
မကြည်ညိုဘဲ ပုံတော်ကိုသာ ကြည်ညိုနေ၍ ကုသိုလ်ထုး မရဘဲ တုစ္ဆ ၀က္ကလိ (အချည်းနှီးသော
ဝက္ကလိ) ဟု ဘုရားရှင်၏ ဆုံမခြင်းကိုခံခဲ့ရသည်။

ဂုဏ်တော်မြတ်စွာဘုရားဟူသည်ကား ………

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကား အနှိုင်းအဆမရှိ၊ တိုင်းတာပိုင်းခြား ဝေဖန်ထောက်ပြ ရန်ပင် မအပ်လေအောင် မြင့်မားကြီးမားလှပေသည်။ ထိုသို့အပိုင်းအခြားမရှိသော
ဂုဏ်တော် တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို
ရည်မှန်းပူဇော်ခြင်းကား ဂုဏ်တော်မြတ်စွာဘုရား (တနည်းအားဖြင့်)
ဂုဏ်တော်မြတ်စွာဘုရားအား ပူဇော်ခြင်းဟု ခေါ်သည်။ ထိုအနှိုင်းမဲ့ ဂုဏ်တော်တို့သည်ကား
……….
(၁) အရဟံဂုဏ်တော်
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
(၃) ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
(၄) သုဂတဂုဏ်တော်
(၅) လောက၀ိဒူဂုဏ်တော်
(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်
(၇) သတ္ထာဒေ၀မနုဿာနဂုဏ်တော်
(၈) ဗုဒ္ဓဂုဏ်တော်
(၉) ဘဂ၀ါဂုဏ်တော် အားဖြင့် ဂုဏ်တော် ၉-ပါးရှိလေသည်။

ထိုဂုဏ်တော် ၉-ပါး၏ ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အရဟံ
- ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော
- အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၄) သုဂတော
- ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ
- လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ
- ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်

တော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ - လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော

မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ - သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင်
ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ
- ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော

မြတ်စွာဘုရား-

ဟူ၍ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ကြရမည် ဖြစ်သည်။

ထိုသို့ပူဇော်ရာတွင်လည်း ……..

(၁) အာမိသပူဇာ (၂) ဓမ္မပူဇာအားဖြင့် နှစ်မျိုးရှိလေသည်။

အာမိသပူဇာဖြင့် ပူဇော်ပုံ
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အသုံးအဆောင်များအား ပူဇော်ရာ၌
အရဟံ-ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး အနောက်အကျု တို့မှ
ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက်ရှိပုံ …… ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှု
ဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်
မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍
ပူဇော်မှုကို အထူးခံယူတော်မူထိုက်ပုံစသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍
လက်အုပ်ချီမိုး ရှိခိုးလျက် ပန်း-ရေချမ်း-ဆွမ်း-ဆီမီး အသီးသီးတို့ကို
ကပ်လှူပူဇော်ရပါမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူဒါန်းခဲ့လျှင်ကား အာမိသပူဇာ၊
ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။)

ဓမ္မပူဇာဖြင့် ပူဇော်ပုံ
ဓမ္မပူဇာ ဟူသည်ကား တရားဖြင့် ပူဇော်ခြင်းကို ဆိုလိုသည်။ တရားဖြင့် ပူဇော်ရာ၌
မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး အနောက်အကျူတို့မှ ကင်းစင်နိုင်သမျှ
ကင်းစင်နိုင် အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို
ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့်
အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို
အထူးခံထိုက်ပုံစသော ဂုဏ်ရည် တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး
ရှိခိုးလျက် ဂုဏ်တော် ၉-ပါးကို အာရုံပြု ရွတ်ဆို၍ ပူဇော်ရပါမည်။
မြတ်စွာဘုရား၏ ပုံတော်အားကြည်ညိုပူဇော်ရုံမျှဖြင့် အကျိုးကြီးမားပုံ
ပုံတော်ကို ပုံတော်အတိုင်း မထားဘဲ ဂုဏ်တော်ဖြင့် ထုံမွှမ်း၍ ပူဇော်လျှင်
အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်း စသော အကျိုးထူးတရားများကို
ရရှိပေလိမ့်မည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်မြင်လာအောင် မှန်းဆသူသည်
ဘုရားရှင်ကို ကြည်ညိုလေးစားသူဖြစ်လေသောကြောင့် ဘုရားရှင်၏ ကိုယ်စား ရုပ်ပွား ဆင်းတုတော်
နှင့် စေတီတော်များအနီး၌ မလေးမစား မနေ၀ံ့တော့ပေ။ (ယခုခေတ် အမျိုးသား၊ အမျိုးသမီး
သမီးရည်းစားများ ဘုရား၊ စေတီ၊ ဆင်းတုတော်၊ ရဟန်းသံဃာ တို့၏နေရာတို့တွင် မသင့်မတော်
ပြောဆိုနေထိုင်ခြင်းများသည် အလွန်ပင် အကုသိုလ်ကြီးမား (ငရဲအလွန်ကြီးသော) အမှုကို
ပြုနေခြင်းဆိုသည်ကို သတိပြုကြစေလိုပါသည်။)

သို့ရာတွင် လောက၌ ပုဂ္ဂိုလ်တဦးတယောက်အပေါ်တွင် ထိုသူ၏ဂုဏ်ထူးကိုမသိခင်က
ကြည်ညိုပြီးနောက် ထိုသူ၏ ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန်
ပိုမိုကြည်ညိုလေးစား အားထားကိုးကွယ်လိုသော စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ
အထက်က ဖော်ပြခဲ့သော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကိုပင် မိမိဉာဏ်မီသမျှ
သိရှိကြလျှင် မိမိ၏ သဒ္ဓါပညာတို့သည် ရှေးကထက် သာလွန်တိုးပွားကြရမည် ဖြစ်ပေသည်။

ကျွန်ုပ်တို့သည် ဘ၀များစွာ သံသရာ၌ အဖန်တလဲလဲ လူတလှည့်၊ နတ်တလှည့်၊ ဗြဟ္မာ တလှည့်၊
ငရဲ၊ တိရစ္ဆာန်၊ ပြိတာ၊ အသူရကာယ်ဘုံဘ၀တို့၌ အလီလီကျင်လည်ခဲ့ရသော်လည်း
မိမိတို့စိတ်ထဲ၌ ဤကဲ့သို့ မြင့်မြတ်သော ပူဇော်နည်းဖြင့် ဘုရားရှင်ဟူသော
အာရုံမျိုးကို ရယူနိုင်ဖို့ရာ လွန်စွာခဲယဉ်းပါသည်။ ယခု ဘုရားရှင်၏ ပုံတော်များ၊ ဂုဏ်တော်များကို
ကြားသိရပေသည်။ ထို့ကြောင့် မိမိတို့အိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း
ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ် အနက်သဘောကို နှုတ်တက်ဆောင်ထားပြီး မိမိ၏
မျက်စိကိုမှိတ်၍ ဖြစ်သော အာရုံ၌ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌
အထက်ကပြဆိုခဲ့ပြီးသော ဂုဏ်တော် များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော ငါးပါးသီလတော်မြတ်ကို
ဆောက်တည်ကာ အာရုံပြု၍ ကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။
ဘုရားရှင်သည် သက်တော် ၂၉-နှစ်အရွယ်တော်၌ တောထွက်တော်မူ၍ ၆ နှစ်တိုင်တိုင် ပင်ပန်းဆင်းရဲလွန်းစွာသော ဒုက္ကရစရိယာကျင့်တော်မူ၍ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်တော်မူ
ပြီးသည်နှင့် တစ်ရက်တွင် ညဥ့်သုံးရံရှိသည့်အနက်မှ တစ်ရံ၏ ၃ ဖို့ ၁ ဖို့သာ
ခေတ္တလဲလျောင်း ကျိန်းစက်တော်မူသည်အထိ ပင်ပန်းကြီးစွာ၊ ၀ိရိယကြီးစွာဖြင့် သတ္တ၀ါ၊
လူ၊ နတ်၊ ဗြဟ္မာတို့၏ အကျိုးကို ဆောင်တော်မူ၍ သက်တော် ၈၀ ၀ါတော် ၄၅ ၀ါ အပြည့်မှာ
ပရိနိဗ္ဗာန်စံဝင်တော်မူ သည်။ ဘုရားအဖြစ် ထို ၄၅-၀ါမျှဖြင့် ကာလမကြာရကား နောင်အခါ
ဗုဒ္ဓသာသနာကို ယုံကြည်သူတို့ ကိုးကွယ်ဆည်းကပ်နိုင်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့်
အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးတော်၊ အသွေးတော်၊ အသားတော်ဓာတ်တော်များကို
အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။

အသက်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တလုံးတခဲတည်း
တည်ရစ်တော်မူပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော
စေတီပုထိုးတော်၊ ရုပ်ပွားတော်များကို ဖူးဇော်ရသောအခါ၌လည်းကောင်း၊ ဓာတ်တော်မွေတော်
ဌာပနာထားခြင်းမရှိသော စေတီတော်၊ ရုပ်ပွားဆင်းတုတော်၊ ပုံတော်တို့ကို ဖူးတွေ့ရလျှင်
ပုံတော်၊ ဓာတ်တော်၊ စေတီတော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား
မြတ်ဘုရားကို စိတ်တွင် ကြည်ညိသဒ္ဒါဖြင့် ထင်မြင်အောင် ဖူးမြော်ကြရန် ဖြစ်သည်။
သုခီအတ္တာနံ ပရိဟရန္တု
ကုမ္ဘာဏ်နတ်ဘီလူး

No comments:

Post a Comment