ခါးကိုက်၊ ခါးနား သက်သာစေသောနည်း
=======================
ခါးကိုက်၊ ခါးနာရောဂါ
ဤစာရေးသူသည် အသက်(၆၀)ကျော်လာပြီဖြစ်၍ ခါးကိုက်၊ ခါးနာရောဂါ ခံစားရပါသည်။ အသက်ငယ် စဉ်မှ၍ အစိုးရအမှုထမ်းအဖြစ် ရုံးတွင် ကုလားထိုင်ပေါ်တွင်ထိုင်၍ အလုပ်တာဝန်တွေကို လုပ်ကိုင်ခဲ့ ရပါသည်။ နှစ်ပေါင်းများစွာထိုင်၍ တကုပ်ကုပ် အလုပ်လုပ်ခဲ့ရသောကြောင့် ခါးနာရောဂါ စွဲကပ်လာသည်ဟု ထင်ပါသည်။
အခြားလူများစွာတို့သည်လည်း ခါးနာရောဂါ စွဲကပ်ကြမည်ဖြစ်ရာ အထိုင်များခြင်းသည် အဓိက အကြောင်းရင်းဖြစ်သည်။ ဟုတ်ပါသည်၊ စာရေးသူသည် ခါးကိုက်၊ ခါးနာ သက်သာစေရန် အင်္ဂလိပ်၊ မြန်မာ လိမ်းဆေး၊ စားဆေး အတော်များများကို ၀ယ်ယူသုံးစွဲခဲ့ပါသည်။ သက်သာရုံသာရှိပါသည်၊ ရှင်းရှင်းလင်းလင်း မပျောက်ကင်းပါ။ ခါးကိုက် ခါးနာရောဂါကို ဆက်လက်ခံစားနေရပါသည်။
... စာရေးသူသည် နံနက်(၆) နာရီခန့်တွင် ကျန်းမာရေအတွက် လမ်းလျှောက်ထွက်လေ့ရှိပါသည်။ ခါးနာသဖြင့် ခါးကို မတ်မတ်ထား၍ မလျှောက်နိုင်ပါ။ တောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲ၍ ထောက်ကာ ထောက်ကာ လျှောက်ရပါသည်။ သွက်သွက်လက်လက်မရှိ၊ တုံ့နှေးတုံ့နှေး လမ်းလျှောက်ရပါသည်။
နည်းကောင်းတစ်ခု လက်ဆောင်ရ
တစ်နေ့ နံနက်၌ စာရေးသူသည် တောင်ဝှေးတစ်ချောင်းကိုင်ဆွဲ၍ လမ်းလျှောက်ထွက်ခဲ့ပါသည်။ လမ်းပေါ်တွင် လူရွယ်တစ်ယောက်ကို တွေ့ရသည်။ သူသည် ကျွန်တော်၏အနားသို့ ရောက်လာကာ ကြင်နာစွာကြည့်၍ မေးပါသည်။
“ဦးကြီး ခါးနားရောဂါ ခံစားနေရသလား”
“အေး - ဟုတ်တယ် ငါ့တူရယ်၊ ဦးကြီးမှာ ခါးကိုက်၊ ခါးနာရောဂါ ခံစားနေရတာ တော်တော်ကြာသွားပြီ၊ ခုချိန်အထိ သက်သာ ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းကောင်းကို မတွေ့ရသေးပါဘူးကွယ်”
“ဟုတ်ကဲ့လား ဦးကြီး၊ ကျွန်တော့်မှာ ခါးကိုက် ခါးနာ ကင်းစေတတ်တဲ့ နည်းတစ်ခုတော့ရှိတယ်။ စားဆေး လိမ်းဆေး မဟုတ်ပါဘူး။ ဦးကြီးသုံးချင်ရင် ကျွန်တော်ပေးပါမယ်၊ မခက်ခဲပါဘူး”
“အေးကွယ် လိုချင်ပါတယ်၊ ဘယ်နည်းလဲဆိုတာ ပြောပြစမ်းပါ ငါ့တူရယ်”
“ဟုတ်ကဲ့၊ နည်းကတော့ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။
နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။ ကျွန်တော့်အမေကြီးဟာ အဲဒီနည်းနဲ့ ခါးကိုက်၊ ခါးနာ သက်သာပျောက်ကင်း သွားတာကို တွေ့ရပါတယ်”
ဟု ပြောပြပါသည်။
ငွေမကုန်သောနည်း
စာရေးသူသည် ထိုလူရွယ်၏ နည်းကို အိမ်ပြန်ရောက်သောအခါ စမ်းသပ်ပြုလုပ်ကြည့်ပါသည်။ အချိန် တစ်လခန့်အကြာတွင် ခါးကိုက်၊ ခါးနာရောဂါ သက်သာ ပျောက်ကင်း သွားပါသည်။
ဤနည်းကား လူရွယ်ပြောသလို စားဆေး၊ လိမ်းဆေးမဟုတ်ပါ။ ငွေကြေး ကုန်ကျမှုလည်း မရှိပါ။ လွယ်ကူပါသည်။ ခါးကိုက်၊ ခါးနာရှိသူများ စမ်းသပ်ကြည့်ကြပါဟု တိုက်တွန်းလိုပါသည်။
ခါးကိုက် ခါးနာရောဂါ ပျောက်ကင်းသက်သာကြပါစေ။
ဦးငွေအောင်မွန်
သူရဇ္ဇ မဂ္ဂဇင်း (Mar'09)
No comments:
Post a Comment