Wednesday, July 8, 2015

ပေါက်စီ စားကြမလား

ပေါက်စီ စားကြမလား သူငယ်ချင်းတို့ရေ.......
ဂျူံ သား နုနုအိအိလေးနဲ့ အရသာရှိတဲ့ အသားပေါက်စီ လုပ်နည်းလေး ပြောပြချင်ပါတယ်နော်။
ဂျူံ မှုန့် ၂၀ သား
သကြား ၄ဇွန်း (ထမင်းစားဇွန်း)
နို့မှုန့် ၂ဇွန်း (ထမင်းစားဇွန်း)
ဆား အနည်းငယ်
ကြက်ဥ ၁လုံး
ဆီ ၃ဇွန်း (ထမင်းစားဇွန်း)
ပွဆေး(yeast) ၂ဇွန်း(ထမင်းစားဇွန်း)
ရေ
ကြိုက်နှစ်သက်ရာ အသား ၂၅ကျပ်သား
(တောက်တောက်စဉ်းထားပါ)
ဂျင်း လက်တဆစ်( ထောင်းထားပါ)
ကြက်သွန်ဖြူ ၅မွှာ (ထောင်းထားပါ)
ဝှာကျောင်းမှုန့် အနည်းငယ်
နာနတ်ပွင့်မှုန့် အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ဆား၊ ဟင်းခတ်မှုန့်
ကြက်သွန်နီ ၅လုံး(ပါးပါးလှီးပြီး ပြန်စဉ်းထားပါ)
နနွင်း၊ အရောင်တင် အနည်းငယ်
ဇလုံကြီး တခုထဲတွင် ဂျူံ သကြား ဆား နို့မှုန့် ပွဆေးတို့ကို ရောမွှေပါ။ ကြက်ဥဖောက်ထည့်ပြီး ဆီထည့်နယ်ပါ။ ရေနည်းနည်းချင်း ထည့်နယ်ပါ။ (ရေများလျှင် နယ်ရခတ်သည်) မှုန့်သားညှက်ပြီး အလုံးလိုက်ရလျှင် ရေစိုအဝတ်နဲ့အုပ်ထားပါ။ ကျမကတော့ နေ့လည်လုပ်မည့်မှုန့်ကို မနက်ကတည်းက နယ်ထားပါတယ်။ ၂ဆခန့်ပွလျှင် ဂျူံ လုံးကို အညီအမျှ ၆ပိုင်းလှီးပြီး မုန့်လုံးတွေကို ရေစိုဝတ်ဖြင့် ပြန်အုပ်ထားပါ။ မုန့်လုံးတွေလည်း ၂ဆခန့်ပွလာမည်
အသားကို ဂျင်းရည် ကြက်သွန်ဖြူ ရည် ဆား ဟင်းခတ်မှုန့် ဝှာကျောင်းမှုန့် နာနတ်ပွင့်မှုန့် ငရုတ်ကောင်းမှုန့်တို့နဲ့ ရောနယ်ထားပါ။
ဆီအိုးတည် ကြက်သွန်နီ ဆီသတ် ဂျင်း ကြက်သွန်ဖြူ ထည့် နနွင်း အရောင်တင်ထည့်မွှေပြီး အသားထည့်ပါ။ အသားကျက်လျှင် အရသာမြည်း နာနတ်ပွင့်မှုန့်ထပ်ဖြူးပြီး ရေခြောက်ခြောက်လေးချပါ။
ဂျူံ လုံးတွေကို ၄ ပိုင်းထပ်ပိုင်းပြီး ဂျူံလုံးလေးတွေကို
ဒလိမ့်တုံးဖြင့်ပြားပါ။ ပုလင်းနဲ့လည်း ပြားလို့ရသည်။ ဂျူံ ပြားပေါ်ကို အစာထည့်ပြီး ဘေးသားလေးတွေ ယူပြီး ထိပ်မှာစုဖိလိုက်ပါ။ ဂျူံ ထုပ်လေးတွေကို ညှပ်ထားတဲ့ စက္ကူပေါ်တင်ပြီး ရေဝတ်နဲ့ ပြန်အုပ်ပြီး အပွခံထားပါ။
ရေနွေးအိုးတည်ပြီး ဆူလျှင် ဇကာခံပြီး ပေါက်စီလေးတွေကို ရေငွေ့လုံအောင် အိုးကို အဝတ်နဲ့ ပတ်ပြီး ၁၅မိနစ်လောက် ပေါင်းပါ။
ဟင်းခတ်အမွှေး အကြိုင်က နှစ်သတ်ရာ သုံးလို့ ရမယ်ထင်ပါတယ်။ကျမကတော့ ဆိတ်သားနဲ့လုပ်လို့ မညှီအောင် ဟင်းခတ်အမွှေးအကြိုင်တွေ ၃မျိုးလောက်
ထည့်တာပါ။
ဂျူံ သားထုပ်တာ ကြိုက်ရင် အချိန်အကြာကြီး အပွမခံ
လည်း ရမယ်ထင်ပါတယ်။ အိအိစက်စက်နုနုလေး ကြိုက်ရင်တော့ လုံလောက်အောင် အပွခံပါနော်။
အသေးစိတ်ရေးပေးထားတဲ့ ကျမစာကို စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့ သူငယ်ချင်းတွေ အတွက်
ဒီဂျူံ နယ်နည်းနဲ့ပဲ လုပ်လို့ရတဲ့ နောက်ထပ် မုန့်၂မျိုးကို photo ထဲမှာ ပြောပြထားတယ်နော်။ 😃😃😃


No comments:

Post a Comment