Sunday, October 26, 2014

"ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ"

"ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ"

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေးလုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့်ကျင့်ကြံကြိုးကုတ်အားထုတ်ရပေမည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါဘာသာရေးလုပ်ငန်းတာဝန်များကို ပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ်ပြုလုပ်ရမည်။ထိုတာဝန်များမှာ -


(က) ဘုရားရှိခိုးခြင်း။

( ခ) မေတ္တာပို့ခြင်း။

( ဂ) အမျှဝေခြင်း။

(ဃ) အလှူဒါနပြုလုပ်ခြင်း။

( င) သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ခြင်း။

(စ) လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်း။ တို့ဖြစ်သည်။


"ဘုရားရှိခိုးခြင်း" ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်း ရွတ်ဆို ၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်းဖြစ်သည်။


"မေတ္တာပို့ခြင်း" ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး ၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကိုဖြစ်ပေါ်စေခြင်း၊ပို့လွှတ်ခြင်း၊ပွားများခြင်းတို့ဖြစ်သည်


"အမျှဝေခြင်း" ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂ ကို မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်းဖြစ်ပါသည်။
"အလှူဒါနပြုလုပ်ခြင်း" ဟူသည်မှာ တစုံတခုသော ၀ထ္ထုပစ္စည်းတို့ကို ဘုရားအစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဌာန်း၍ လှူဒါန်းပေးကမ်းမှုဖြစ်သည်။ ထိုလှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရား နှင့် သံဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း၊ရေချမ်းကပ်လှူခြင်း၊ပန်းနံ့သာ ကပ်လှူခြင်း၊ဆီးမီးကပ်လှူခြင်း၊ပိဏ္ဍပါတ်ဆွမ်းလောင်းလှူခြင်း စသောအားဖြင့်အလှူဒါနအမျိုးမျိုးရှိပါသည်။


"သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း" ဟူသည်မှာ မိမိကိုယ် ၌လည်းကောင်း၊သူတပါးသန္တာန်၌လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ပြန့်ပွားအောင်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်၊ အဆုံးအမ ဟူသည်မှာ ဒုစရိုက်များမဖြစ်ပွားအောင်ဆောင်ရွက်ခြင်း သုစရိုက်တရားများ တိုးပွားအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး အသင်းအဖွဲ့များ၌ပါဝင်ဆောင်ရွက်ခြင်း၊ပရိယတ္တိစာသင်သားများအား ထောက်ပံ့ခြင်း၊ပဋိပတ္တိကျင့်သုံးနေသူများအား ထောက်ပံ့ခြင်း၊ဗုဒ္ဓဘာသာစာပေပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်း၊အိမ်တွင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည်တို့ဖြစ်သည်။


"လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း" ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကိုကျော်လွန်ပြီး ရုပ်နာမ်အဖြစ် မြင်အောင် ရှုကာရုပ်နာမ်တရားတို့၏ မမြဲဆင်းရဲ အတ္တမဟုတ်ဟု ရှုမြင်ခြင်း၊သိခြင်းဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ် ဘာသာရေးလုပ်ငန်းတာဝန်များပင်ဖြစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာပြုလုပ်နိုင်လျှင် ပို၍အကျိုးရှိနိုင်ပါသည်။

ဤဆောင်းပါးကိုသာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော် ( အခြေခံအဆင့်) စာအုပ်မှ ကောက်နှုတ်ပူဇော်အပ်ပါသည်။ ။



No comments:

Post a Comment