Thursday, October 30, 2014

မုန့်သိုင်းခြုံ (၆ ခု)

Chaw Su's Food Friends Ma Zinmin Htikehttps://www.facebook.com/ChawSusFoodFriends/posts/305085036336305
Chaw Su's Food Friendsさんが写真13枚を追加したで。
မုန့်သိုင်းခြုံ (၆ ခု)
ပွဲဈေးတန်းသွားမှစားရတဲ့ မုန့်လေးကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားကြရအောင်နော်…. ဘဲဥ နဲ့ လုပ်ရတဲ့မုန့်ဖြစ်ပေမယ့် လွယ်လွယ်ကူကူမရနိုင်တာကြောင့် ကြက်ဥကို သုံးပြီးလုပ်ထားပါတယ်။ ကြက်ဥကို သုံးတာကြောင့် အရောင်ကိုစိတ်တိုင်းမကျပေမယ့် အရသာကတော့ တောင်ကြီးတန်ဆောင်တိုင် ပွဲဈေးတန်းကို ပြန်ရောက်သွား သလိုပါပဲရှင် …. 
ဆန်မှုန့် နဲ့ ကောက်ညင်းမှုန့်ကို မသုံးပဲ ဂျုံမှုန့် (plain flour) ကို အစားထိုးပြီလည်း လုပ်နိုင်ပါတယ်။
**... ပထမဆုံး အုန်းယိုလေး လုပ်ရအောင်…
1. ခြစ်ထားသော အုန်းသီး- တရုတ်ထမင်းစား ပန်းကန်လုံး ၁ လုံးခန်.
2. သကြား- ထမင်းစားဇွန်း ၅ ဇွန်း
3. ရေ- ထမင်းစားဇွန်း ၂ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
မီးအေးအေးဖြင့် ရောကျိုထားသော ရေ နှင့်သကြားပွက်လာလျှင် ဆား နှင့် အုန်းသီးကို ထည့်ကာ အိုးမကပ်အောင် မွှေပေးနေပါ။
ခပ်စေးစေးအရည် ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်လျှင် အုန်းယိုရပြီမို. မီးဖိုမှ ဖယ်ကာ အုန်းယိုများ မခြောက်အောင် အိုးအဖုံး ဖုံးထားပါ။ (ပိုသည့်အုန်းယိုများကို လေလုံသည့် ဗူးသန့်သန့်လေးထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။)
**... မုန့်သိုင်းခြုံ လုပ်ဖို့ အတွက် လိုအပ်တာလေးတွေ…
1. အုန်းယို – ထမင်းစားဇွန်း ၆ ဇွန်း
2. ယိုးဒယား ကောက်ညင်းမှုန့် – 3/4 cup (180 ml)
3. ယိုးဒယား ဆန်မှုန့် – 1/4 cup (60 ml)
4. ကြက်ဥ (whole egg) - ၁ လုံး
5. ကြက်ဥ အဝါအနှစ် (egg yolk) - ၂ လုံး (ဘဲဥ ကိုသုံးလျှင် အဝါအနှစ် ၁ လုံးပဲ ထည့်ပေးပါ။)
6. စားဆော်ဒါ (baking soda) – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံခန့်
7. ဆား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
8. သကြား – ထမင်းစားဇွန်း ၃ ဇွန်း
9. ရေ – 3/4 cup (180 ml)
10. ဆီ – လက်ဖက်ရည်ဇွန်း ၆ ဇွန်း (မုန့်လုပ်သောအချိန်တွင် သုံးရ လွယ်ကူစေရန် ခွက်အသေးတစ်လုံးထဲထည့်ထားပါ။)
**... လိုတာလေးတွေ ရပြီဆိုတော့ မုန်.သိုင်းခြုံလေး လုပ်ရအောင်…
ကြက်ဥ ၁ လုံး နှင့် ကြက်ဥ အနှစ် ၂ လုံးကို ကြေအောင် ခလောက်ထားပါ။
ကောက်ညင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ သကြား၊ စားဆော်ဒါ တို့ကို နှံ့အောင် ရောနှောထားပါ။ (စားဆော်ဒါက အခဲလေးတွေဖြစ်ပြီးကျန်တတ်သဖြင့် လက်ဖြင့် ဖိချေကာ ရောနှောပါ။)
ထိုအရောအနှောထဲ ခလောက်ထားသော ကြက်ဥအရည်ကိုထည့်ပြီး နှံ့သွားအောင် ရောနှောပေးပါ။
ရေထည့်ကာ အဖတ်များတတ်နိုင်သမျှကြေအောင် လက်ဖြင့်ဖိချေပြီး ဖျော်ပေး ပါ။
ပြီးလျှင် ဇကာဖြင့်စစ်ကာ ဇကာပေါ်တင်ကျန်သည့် အဖတ်များကို လက်ဖြင့် ပွတ်ချပေးပါ။
မုန့်နှစ်ရည်က အောက်ပုံပါအတိုင်း မပျစ်မကျဲ ဖြစ်ရပါမယ်။
အိုးအောက်ခြေ အချင်း ၆ လက်မခန့်ရှိသော non-stick ဒယ်အိုးထဲ ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)ထည့်ကာ ဆီများပြန့်သွားအောင် အိုးကို ဟိုဖက်၊ ဒီဖက်စောင်းပေးပြီး medium heat ဖြင့် အပူပေးထားပါ။
ဆီအနည်းငယ်ပူလာလျှင် မုန့်နှစ်ရည် 1/4 cup (60 ml) ခပ်ကာ ဒယ်အိုးထဲ ဝိုင်းပြီးလောင်းထည့်ပါ။ (ဆီအရမ်းပူမှထည့်လျှင် မုန့်သားများကြော်လိုက်သလို အမြန်ကျက်သွားသဖြင့် မုန့်ပုံစံခေါက်ရာတွင် အဆင်မပြေဖြစ်တတ်ပါသည်။)
မုန့်သား တစ်ဝက်လောက် ကျက်လျှင် အုန်းယို (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ကို မုန့်အလယ်တွင် ဖြန့်ထည့်ပေးပါ။
ပြီးလျှင် လက် နှင့် ဇွန်းပြားကိုသုံးကာ အောက်ပါပုံများတွင် ပြထားသည့် အဆင့်များအတိုင်း ခေါက်ပေးသွားပါ။
အားလုံးခေါက်ပြီးသွားလျှင် နောက်တစ်ဖက်ကို မလှန်သေးပဲ ၂ မိနစ်ခန့် ထားပါ။ (မိမိသုံးသည့် မီးအပူရှိန်ပေါ်မူတည်ပြီး အချိန်အတိုး၊ အလျှော့ ရှိပါတယ်။)
နောက်တစ်ဖက်ကို လှန်ကာ ၂ မိနစ်ခန့် ထားပြီးလျှင် မုန့်ကျက်ပြီမို့ ဇွန်းပြားကိုသုံးပြီး အိုးထဲမှဖယ်ထုတ်ကာ ပန်းကန်ပြားတစ်ချပ်ထဲထည့်ထားပါ။ (မိမိသုံးသည့် မီးအပူရှိန်ပေါ်မူတည်ပြီး အချိန်အတိုး၊ အလျှော့ ရှိပါတယ်။)
ကျန်သည့်မုန့် ၅ ခုကို ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ) ထည့်ပြီး အထက်ပါနည်းအတိုင်း ဆက်လုပ်ပေးပါ။ (မုန့်တစ်ခုလုပ်ပြီးတိုင်း ဒယ်အိုးအရမ်းပူနေနိုင်တာမို့ အိုးကို အနည်းငယ် အအေးခံပြီးမှ နောက်ထပ် မုန့်ရည်ကိုထည့်ပေးပါ။)

No comments:

Post a Comment