မာလာငါး ချဉ်စပ် ချက်နည်း
-----------------
-----------------
အခုလို မိုးအေးအေးလေးမှာ ဒီဟင်းလေးကို ချက်စားလိုက်ရင် ရှူးရှဲလေးမို့  ချွေးတွေ၊ဘာတွေထွက်ပြီး လန်းလန်းဆန်းဆန်း ဖြစ်သွားပါလိမ့်မယ်။
တီလာဗီးယားငါးအသားကလည်း နူးညံ့ပြီး အသားများတဲ့အပြင် မာလာအနှစ်နှင့်တွဲဖက်လိုက်တဲ့အခါ စားလို့ အရမ်းကောင်းပါတယ်။ ဒီဟင်းအနှစ်ကို ပေါင်မုန့် ဒါမှမဟုတ် မန်ထိုနှင့် တို့ စားရတာ ပိုလိုက်ဖက်ပါတယ်။
ကဲကဲကတော့ မာလာအနှစ်ကို ကိုယ့်စိတ်ကြိုက်အရသာရအောင် ကိုယ်တိုင် ပြင်ဆင်ပါတယ်။ မာလာငါးအနှစ်ထုတ်ကို ၀ယ်ယူပြီး အလွယ်တကူ လုပ်စားလို့ လည်း ရပါတယ်။
ပြင်ဆင်ရတာလည်း မြန်၊ စားလို့လည်း ကောင်း၊ ကျန်းမာရေးနှင့်လည်း ညီညွတ်၊ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံတဲ့အခါ ပျော်ပျော်ပါးပါး စားလို့ ရတဲ့ ဟင်းအမယ်လေးပါ။
သူငယ်ချင်းတွေ နှစ်သက်မယ့် ချဉ်စပ် မာလာငါး ပြင်ဆင်နည်းလေးကို ပြောပြပါမယ်။
Ingredients:
တီလာဗီးယားငါး ၁ကောင်
စီချွမ်ငရုတ်ကောင်း ဇွန်းသေး ၁၀က်
တရုတ်မဆလာ ဇွန်းသေး ၁ဇွန်း
ငရုတ်သီးအကြမ်းမှုန့်  ထမင်းစားဇွန်း ၃ဇွန်း
ပဲငပိအငန် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မိတ် အနည်းငယ်
နံနံပင် အနည်းငယ်
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
မြေပဲဆံလှော်ထောင်း အနည်းငယ်
နှမ်းလှော် အနည်းငယ်
သကြား ထမင်းစားဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် ပန်းကန်လုံး ၁လုံးစာ
ဆား အနည်းငယ်
ဆီ အနည်းငယ်

Preparation Method:
၁) ငါးကို အကြေးခွံခွာ၊ ကလီစာတွေကို ထုတ်ပြီး ရေဆေးပါ။ အရသာဝင်ရန် ငါးအသားကို ဓားဖြင့် သုံးချက်လောက် မွှန်းပါ။ ဆား၊ ပဲငံပြာရည်အကြည် အနည်းငယ်နှင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
၂) ပေါင်းအိုးထဲ ရေ တစ်ဝက်ခန့် ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာလျှင် ငါးကို ထည့်ပြီး ၁၀မိနစ်ခန့် ပေါင်းပါ။ ပြီးလျှင် နောက်တစ်ဖက် ပြောင်းပြီး ၁၀မိနစ်ခန့် ပေါင်းပါ။ ငါးကို ဆယ်ယူပြီး ပြင်မယ့်ပန်းကန်ပေါ် တင်ပါ။
(သို့ ) အိုးထဲ ရေထည့်ပြီး ဆူလာလျှင် ငါးကို ထည့်ပြုတ်ပါ။ ကျက်ပြီဆိုလျှင် ငါးကို ဆယ်ယူပြီး ပြင်မယ့်ပန်းကန်ပေါ် တင်ပါ။
၃) အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်၊ နုပ်နုပ် စင်းထားတာ ထည့်ပါ။ ချင်းကို ပါးပါးလှီးထည့်ပါ။ ငရုတ်သီးအကြမ်းမှုန့်  ထည့်ပါ။
၎) စီချွမ်ငရုတ်ကောင်း၊ ပဲငပိအငန်၊ ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်မဆလာ၊ မြေပဲဆံလှော်ထောင်း၊ နှမ်းလှော်၊ သကြား ထည့်မွှေပါ။
၅) ပဲငံပြာရည်အကြည်၊ ရှာလကာရည် ဆက်ထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင် တည်ပါ။
၆) အရသာ လိုသလို ပြင်ဆင်ပြီး အရည်ခမ်းလာလျှင် ငါးပေါ်ကို လောင်းလိုက်ပါ။

ပြင်ထားတဲ့ ငါးပေါ်ကို ကြက်သွန်မိတ်၊ မြေပဲဆံလှော်ထောင်း၊ နှမ်းလှော် အနည်းငယ် တင်ပြီးလျှင် စားချင့်စဖွယ် မာလာငါး ချဉ်စပ် ရပါပြီရှင်။
Credit to KaeKae's FoodPalace

No comments:
Post a Comment