Sunday, June 7, 2015

Parker

Parker
 
အချိန်   ၁၉၈ရခုနှစ်လောက်ကပေါ့။
နေရာ   အင်းစိန် ဂျီတီအိုင် မှာ။
လူတွေ  နောက်ဆုံးနှစ် မြို့ပြကျောင်းသားကျောင်းသူများ။

 
နောက်ဆုံးနှစ် မြို့ပြကျောင်းသားကျောင်းသူများ သူ့တာဝန်နဲ့သူ အပြိုင်အလုပ်ရှုပ်နေကြသည်။
အကြောင်းက ကျောင်းအုပ်ဆရာကြီး၏ ညွှန်ကြားချက်အရ ခတ်မှီပီး အကုန်အကျသက်သာသော ပတ်ကား ရေလောင်း (ရေဆွဲ) အိမ်သာတစ်လုံးအား မြို့ပြဌာနမှူး၏ကြီးကြပ်မှုဖြင့် စံပြတည်ဆောက်ရန် တာဝန်ပေးလာသောကြောင့်ဖြစ်သည်။
ဌာနမှူးမှ ကျောင်းဆင်းတော့မည့် ဖိုင်နယ်ကျောင်းသူကျောင်းသားများ အနေဖြင့် စီမံကိန်းအောင်မြင်စေရန် သေချာစွာ အစီအစဉ်ချ ဝဲပလန်လုပ်ကြရန် နှင့် နောင်ဂျုနီယာကျောင်းသားများအတွက် စံပြနမူနာ ဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ထပ်ဆင့် လမ်းညွှန်ပေးလာပါသည်။

လမ်းညွှန်ပေးသည့်အတိုင်း တာဝန်ခွဲယူ၍ ကျရာနေရာမှ အရိုးကြေကြေအရေခမ်းခမ်း ပြီးမြောက်အောင်လုပ်ဆောင်ပါမည်ဟု ဌာနမှူးအား ဂတိပြုကြပါသည်။
သည်နောက် အချိန်သတ်မှတ်၍ ကျောင်းကင်တီးတွင် စည်းဝေးကာတာဝန်ခွဲဝေယူကြပါသည်။

 
တည်ဆောက်မည့်အဆောက်အဦးအား ကျောင်းသားကျောင်းသူများ ဆရာဆရာမများပါ အားလုံးအသုံးပြုနိုင်ရန် သပြေဆောင်နှင့် ဓားလွယ်ခုတ် လမ်းကိုကျော်ပီး ကျောင်းဘော်လုံးကွင်းဒေါင့်ကို အများ၏ဆန္ဒအရ ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် သတ်မှတ်ကြပါသည်။
(စကားချည်း။   .အဲဒီအချိန်ကတဲက အများဆန္ဒနှင့် ဒီမိုကရေစီစနစ်ကို လက်တွေ့အသုံးချခဲ့ကြကြောင်း ယခုမှ သတိထား သဘောပေါက်မိပါတော့သည်။)
 
ပရောဂျက် ပလန်နာအဖြစ် အခုပျံလွန်တော်မူပီးဖြစ်သော ဆရာတော်ကြီး ဦးပဇင်းသန်းဝင်း ကိုတာဝန်ပေးလိုက်သည်နှင့် သူမှ တစ်ပတ်အတွင်းပီးစေရမည်ဟု ပလန်ချပါတော့သည်။
ကျောင်းသူများ (ကြယ်ငါးပွင့် ဖိုက်စတားဂရုမှ ကျောင်းသားကျောင်းသူများ ကိုယ်တိုင်တည်ဆောက်ရမည့်အပြင် အတွေ့အကြုံများပြားစွာမရှိသေးသည့်အတွက် တစ်ပတ်အချိန်သည်နဲလွန်းသည်ဟု ကန့်ကွက်သည့်အတွက် ပလန်နာမှ တွက်ချက်ပီး တည်ဆောက်ချိန်ကို တစ်လနှင့် ငါးရက်ဟု သတ်မှတ်သဘောတူကြပါသည်။
 
ဒီဇိုင်းပုံစံထုတ်ရန် လောကြီးမျိုးသန့်(ယခုဂျပန်တွင် အာခီတက်ဖြစ်နေသူ) ကတာဝန်ယူပီး
စန်းခိုင်က ကျွန်တော်ကပျော့တော့တော့နဲ့ဖြစ်လို့ ဆိုက်ထဲမလုပ်နိုင်၍ ခိုင်ခန့်အောင်ဒီဇိုင်းတွက်ချက်ပေးပါမည်ဟု ဒီဇိုင်နာတဝန်ယူပါသည်။
ထီးဆိုင်မှလဲ ကျောင်းချိန်တုန်းက စာမကျေခဲ့၍ စန်းခိုင်နှင့် တွဲ၍ အလုပ်လဲလုပ်ရင်း ပညာလေးလဲရချင်လို့ လက်ထောက်ဒီဇိုင်နာတာဝန်ယူပါရစေဟုတင်ပြလာသောကြောင့် မဲခွဲဆုံးဖြတ်ပီး တင်ပြချက်ကိုလက်ခံ ကြပါသည်။

ဤတွင် အာခီတက်က လှအောင်ပဲဒီဇိုင်းလုပ်နိုင်တာ အိမ်သာလာတက်တဲ့သူတွေ ချော်လဲခြင်းကကာကွယ်ဖို့နှင့်အတက်အဆင်းသက်တောင့်သက်သာရှိစေရန် လှေကားဒီဇိုင်းလုပ်ရန်လိုကြောင်း လှေကားနှင့်ပတ်သက်ပီးသူ့မှာ အတွေ့အကြုံများ၍ အဲဒီတာဝန်ပေးပါဟု ကံသိန်း မှညှောင်နာနာဖြင့် စောဒကတက်လာသောကြောင့် လက်ထောက်အာခီတက် တာဝန်ပေးလိုက်ရပါသည်။
စန်းခိုင် နှင့် ထီးဆိုင်မှ မိုးဒါဏ်လေဒါဏ်ခံနိုင်ရန် သစ်သားအသုံးချခြင်းမပြုရန်နှင့် အုတ်စီ၍၎င်း ကွန်ခရိဖြင့်၎င်း လှေကားကိုဒီဇိုင်းပြုရန် ထည့်သွင်းစဉ်းစားပါဟု လက်ထောက်အာခီတက်ကံသိန်း အားအကြံပြုခဲ့ကြပါသည်။
 
ကျနော်တို့ရဲ့ ဆရာကြီးကတော့ ငါက လူပျိုပေါက်ကတဲက ထုလိုက် နှက်လိုက် လက်သမားအလုပ်ပဲလုပ်တတ်တာကွ ဒီတော့ငါတတ်တဲ့ ဟာပဲလုပ်မယ် တံခါး ကျည်းဘောင် အမိုး ဒါတွေတာဝန်ယူတယ်ကွာဆိုလို့ လက်သမားကိစ္စပြေလည်သွားသည်။
 
လိုတဲ့သစ်သားအတွက် ကျောင်းကန်တီးနောက်က အတွဲတွေထိုင်နေကြ စက္ကူပန်းရုံကို ခုတ်မယ် ဖြတ်မယ်လုပ်လာသောကြောင့် ဒါလေးတော့ မလုပ်ပါနဲ့ ဆရာကြီးရာ နောင်လာနောက်သား ဂျုနီယာကျောင်းသားအတွဲတွေ ထိုင်ဖို့ထားလိုက်ပါဗျာ ဆရာကြီးတို့လဲတွဲခဲ့တုန်းက ထိုင်ခဲ့တာပဲမို့လား ဆိုပီးဝိုင်းဝန်းနားချပီး ရှမ်းလေးမှ ကျနော် သစ်ရဖို့ ဝပ်ရှော့ကဆရာတွေကပ်ပီး လ႓က်ရည်တိုက်ပီးတောင်းပေးပါ့မယ်ဆိုလာပါသည်။
ဒီတော့မှ လက်သမားကိစ္စပြတ်တော့သည်။

ဒီကြားထဲ စက္ကူပန်းရုံကို ခုတ်မယ်ဆိုသော ဆရာကြီးအား ဘုရားပီးလို့ ညမ်းဖျက်ချင်တာလားဟု (တစ်ခုခုကို ဆိုလိုချင်ပုံရသည်) ကံသိန်းမှ မကြားတကြားပြော၍ ကြားဖြစ်အောင်ကြားသွားပီး ငါ xxxxx   ဟုထတုပ်ထဲ့လိုက်မှ ဗိုကံ ငြိမ်သွား၏။

ကြက်ဖ နှင့် သိန်းထွေး က ဆရာကြီး တစ်ယောက်ထဲဖြစ်ပါ့မလားဟုမေး၍ ဆရာကြီးမှ မင်းတို့ငါ့ဆီလာကြ ရွေဘော်ထိုးတတ်ဖို့တော့လိုတယ် ဟိုကွာ လှေကြီးရိုးရိုးထိုးသလိုပေါ့ဟု ဆရာကြီးက ဆရာကြီးဂိုက်ဖြင့် အရိုးခံစိတ်ဖြင့် စိတ်ထဲအရှိအတိုင်း ပြောသည်။
ထုတာကတော့ ငါ့ဟာငါလုပ်မယ် ဆိုပီး လက်သမားအဖွဲ့တောင့်တင်းခိုင်မာသွား၏။
 
တစ်လက်စထဲ သစ်ရရှိရေးတင်မက အုတ် သဲ ကျောက် သွပ်ပြားရရှိရေးအတွက် ဆပ်ပလိုင်းယာ ထောက်ပံ့ရေးကော်မတီကို ရှမ်းလေး နှင့် အောင်ဇော်ဦး ကိုတွဲပီးတစ်ဆက်ထဲတာဝန်ပေးခဲ့ကြ၏။
အောင်ဇော်ဦး မှ တောင်းမရလျှင်ခိုးမယ်ကွာဟု တကြိမ်းထဲကြိမ်းနေ၍ ဒီလိုမလုပ်ပါနဲကွာဟုနားချရပြန်သည်။
ကိုယ်တော်က ဒါ ကိုတောင်လက်မခံချင်သေး မင်းတို့က ဘာသိလို့လဲကွ ကျောင်းပီးတော့မှာ ကျောင်းမပီးခင်အလေ့အကျင့်ရအောင် အခုထဲကလက်ရည်သွေးကျင့်ရမှာ ဟု စောဒကတက်နေသေး၏။
 
ဒါတွေကို နားထောင်နေသော စိုးမင်း က ကွမ်းယာကိုတမြုံ့မြုံ့ဝါးရင်း ပြုံးနေ၏။
အင်း ဘာလိုလိုနဲ့ ငါတို့ တစ်သိုက် စောရ ဒီပလိုမာတောင်ရတော့မှာပါလားလို့ ဘေးမှ ငိုက်နေသော ခင်ကြူ အားပြောလိုက်တော့ အလန့်တကြားထငြင်း၏ 
ဟာ ငါက လုပ်ချင်းလုပ် စစ်တပ်ထဲမှာပဲ စောရ လုပ်မှာလို့ ဝန်ခံ၏။

အေးမင်း ကတော့ ငါက အနုပညာဆန်ဆန်လေးပဲ စောရလုပ်ချင်တာဟဲ့ မသိမသာလေးပေါ့ဟာ ဟု ခပ်နွဲ့နွဲ့ဝင်ရောက်ဖြည့်စွက်သွား၏။ (သူလဲ ကျောင်းပီးပီးချင်း မြန်မာ့ရုပ်မြင်သံကြားရောက်သွားသည်ဆိုလား)
 
ဤတွင် အဆိုတင်လိုက် ထောက်ခံလိုက် ပယ်ချလိုက်လုပ်နေသော ကျနော်တို့တစ်သိုက်အား တချိန်လုံး ဘာမှမပြောပဲ အကဲခပ်နေသော ပရောဂျက်အဖွဲ့ခေါင်းဆောင် ဆရာတော် သန်းဝင်းမှ ချက်ကောင်းကို နာနာလေးဝင်ထောက်၏။
ဘုရား ဘုရား ဘုရား (ဘုရား လဲ တ သေး၏။)
ဒီမယ် တစ်ခုငါပြောမယ် မင်းတို့ဒီလို ပရောဂျက်လုပ်တယ်ဆိုတာ ခန့်မှန်းခြေစာရင်းပြုစုတဲ့လူရှိရတယ်ကွ ဟု ဘုရားတရင်း ပြော၏။
 
အင်္ဂံလိပ်လိုဆိုရင် QF ကွမ်တီတီ ဖားသား ပေါ့ကွာ  စာရင်းဇယားမရှိပဲနဲ့ ဘယ်လိုထိမ်းချုပ်ကြမလဲ ပြောကြ ဟု ခေါင်းဆောင်လေသံဖြင့် ကွမ်းတွေဝါးပီး အားနဲချက်ကိုထောက်ပြသည်။
စာဂျပိုးအဖွဲ့ ဖိုက်စတားဂရုမှ ကျောင်းသူအငယ်လေးမှ အကိုသန်းဝင်း ကလဲ QF မဟုတ်ပါဘူး QS ပါ ကွမ်တီတီ စစ္စတားပါနော် ဘာလို့လဲဆိုတော့ ဒီအလုပ်တွေက မိန်းခလေးတွေအများဆုံးလုပ်တဲ့သဘာဝရှိလို့ပါ ဟု ဆရာတော်၏အမှားကို ဝင်ပြင်ပေး၏။
ဒါတွေကြားတော့ ပြင်ပလုပ်ငန်းခွင်ကိုစွန့်ပီး ကြီးမှကျောင်းလာတက်သော ခင်မြင့် မှ နားကြားပြင်းကပ်လာပီး အတွေ့အကြုံရှိတဲ့လေသံဖြင့်
ကဲ အားလုံး မငြင်းကြနဲ့တိတ်ကြ ဒါကို QS လို့ခေါ်တယ် ဗမာလိုပြောရမယ်ဆိုရင် ခန့်မှန်းခြေတွက်တဲ့သူ အင်္ဂံလိပ်လို အက်စတီမေတာ Quantity Surveyor ပဲ ကွမ်းဝါးရင်း ဆေးပေါ့လိပ်ဖွာရင်း အားရပါးရပြော၏။
 
ရှေ့က လူဝ က ကွမ်းတံတွေးစင်သွားသောမျက်နှာအား လက်ဖြင့်ပွတ်ကာ ထပြေး၏။
သူ့ဆေးပေါ့လိပ်မီးပွါးကျ၍ ပူသွားသော အောင်ငြိမ်း ဂသျှူးမူးတူး လုံချည်ထကဟာရင်း ဟေ့ကောင် ငါလဲဆေးပေါ့လိပ်သောက်တာပဲ မင်းလိုသူများဒုက္ခမပေးဘူးကွ ဟုကြိမ်းသည်။ အစည်းအဝေးတွင်း အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဖိုက်စတားဂရုမှ ကျောင်းသူများ မျက်လုံးပြူးသွား၏။
အောင်ငြိမ်း လုံချည်ထခါ၍ နှာခေါင်းပိတ်သူပိတ်၏။
ဂယောင်ချောက်ခြား မျက်စေ့ပိတ်သူကပိတ်ကြကုန်၏။
 
ဟုတ်တယ် စရင်းဇယားမရှိပဲနဲ့ ငါတို့ဘယ်ဟာ ဘယ်လောက်လိုမယ်ဆိုပီးရှာရမလဲ ဟု ရှမ်းလေးနှင့် အောင်ဇော်ဦးမှ အခုမှသတိရသွားပီး ဝူးဝါးဝူးဝါးထလုပ်လာ၏။
ဒါဆိုရင် ဒီတာဝန်ကို နင်တို့ မိန်းကလေးတွေယူလိုက်ကြ ဟု အဖွဲ့ခေါင်းဆောင် ဆရာတော်သန်းဝင်း နောက်ဆုံးပိတ် တာဝန်ပေးလိုက်သည်။
ဒီတော့မှ အောင်ဇော်ဦး က ဖိုက်စတားဂရု ဖက်လှည့်ပီး ဟဲ့ နင်တို့ပိုပိုသာသာလေးလဲ တွက်ကြအုန်း ဒါမှနင်တို့အတွက်ရှယ်ယာပေးနိုင်မှာ လို့ပြောသည်။
ဟဲ့ လူကြားထဲ မရှည်နဲ့ ငါတို့သိတယ် ဟုပြန်ပက်မှ အေးဒါဆိုလဲပီးရော လက်ထောင်ပီး ၅၀/ငါးဆယ် ပဲ ဟူ၍ အသံတိတ် အင်တာနေရှင်နယ် လန်းဂွေ့ဖြင့် အပေးအယူတည့်သွား၏။

 
ဖိုက်စတားဂရု က အကြမ်းဖျင်း ဘိလပ်မြေ အိပ်၄၀ သဲကား ၁၃စီး နဲ့ သစ်ဆိုက်စုံ ၈တန်လောက် ရှာထားပါလို့ ရှမ်းလေး တို့ကို ပမာဏလိုအပ်ချက်ကို ချက်ချင်းပြောသည်။
အောင်ဇော်ဦး ကခေါင်းကုပ်ပီး လောက်ပါ့မလားဟ လို့စောဒဂတက်ပြန်သည်။
ဟဲ့ ဒါ ပမာနပဲရှိသေးတယ် နောက်လာအုန်းမှာ ဆိုမှ အသက်ပြန်ရှူနိုင်တော့သည်။

 
အိမ်သာအဆောက်အဦးအတွက် မြေကြီးလုပ်ငန်းအတွက် လူစီစဉ်တော့ အားလုံး၏ သဘောတူညီချက်အရ အားအင်ကြီးမားသော လူဝ အား မြေကြီးပေါက် မြေတူး တာဝန်ပေးလိုက်သည်။
တစ်ယောက်က ကျနော့ကိုသတိရသွားပီး ဝင်းနိုင်ဦး ဘာတာဝန်မှမရှိသေးဘူးဟု ချောက်တွန်းသဖြင့် ဆရာတော်သန်းဝင်း နှင့် ဆရာကြီး မှ ဒီကောင် ပေါက်တူးတော့ပေါက်နိုင်မှာမဟုတ်ဘူး လူဝ နဲ့ တွဲပီး မြေကြီးသယ် မြေပုံ မြေဖို့လုပ်ပါလို့ တာဝန်အပေးခံရပါတော့သည်။
အားလုံးကလဲ သောက်မြင်ကပ်ပီး ရာနှုန်းပြည့်ဝိုင်းထောက်ခံကြပါတော့သည်။

ကဲ ဒါဆို သဘက်ခါ မနက်က စပီး ဆိုက်လုပ်ငန်းစကြမယ်ဟု အဖွဲ့ခေါင်းဆောင် ဆရာတော်သန်းဝင်း မှ အသံကျယ်ကျယ်ဖြင့်ပြောရင်း အောင်မြင်စွာအစည်းအဝေးကို
ရပ်လိုက်ကြပါတော့သည်။

အစည်းအဝေးအပီး ရှမ်းလေး အောင်ဇော်ဦး နှင့် ဖိုက်စတားဂရု တိုးတိုး တိုးတိုး ခေါင်းချင်းရိုက်နေကြသည်ကိုမြင်ရပါတော့သည်။
 
$$$$$$$$$$$$$$$$$$$$$$$$$$$$
 
သတ်မှတ်ထားသည့် သဘက်ခါနေ့ အချိန် သတ်မှတ်ထားသည့် လုပ်ငန်းခွင်နေရာတွင် လူဝ နှင် ့ကျနော် ကျောင်းသို့အစောကြီးရောက်နှင့်သည်။
ကျနော်တို့မြေတူးအဖွဲ့က စပီးလုပ်ရမှာကိုး။ လုပ်ချင်ဇောနှင့် တညလုံးလဲ ကောင်းကောင်းအိပ်မပျော်ခဲ့။

လူဝ ကိုမေးကြည့်တော့ ငါကအင်အားသုံးပီးမြေတူးရမှာဆိုတော့အားရှိဖို့လိုတယ်မို့လားကွ ညက ဘာမီတွန်သောက်ပီးအိပ်ပစ်လိုက်တာ အခုအားတွေအရမ်းရှိနေတာကွ။ သပြေဆောင်တောင် ပြောင်းပြန်ဆွဲလှန်လိုက်ချင်တာလို့ အင်အားတွေပြ၏။

ဟေ့ လူဝ မလုပ်လိုက်နဲ့ ဟိုမှာငါ့ရဲ့ မနှင်းဆီခင် လေး အိမ်သာတက်တုန်းဟု ဘယ်အချိန်ကရောက်နေမှန်းမသိသော ဆရာကြီး မှ စိုးရိမ်စွာအလန့်တကြားတားဆီးလေ၏။

လုပ်ကွာ လုပ်ကွာလို့ ကျနော် ကအချွန်ဖြင့်မပေးသဖြင့် လာကွာငါ လ္ဘက်ရည်တိုက်ပါ့မယ်ဆိုပီးလာဘ်ထိုးလို့ အလုပ်မစခင်သောက်လိုက်ရသေး၏။
ကျနော် ဒူးယားလေးပါအဆစ်ခဲသောကြောင့် ဆရာကြီး ၏ ဗျစ်တောက် ဗျစ်တောက်အသံလွှင့်ခြင်းကို တစ်နာရီလောက် ပေတေခံရသေးသည်။

လူဝ က ဆရာဦးဝင်းဖေဆီ ပနက်ရိုက်ဖို့ သီအိုဒိုလိုက်သွားငှါးကြရအောင် လူအထင်ကြီးတာပေါ့လို့ဆိုသည်။
မင်း ကိုင်တတ်လို့လားဆိုတော့ ဟေ့အေးတဲ့ ကျနော်လဲမတတ် ဆရာကြီး က ငါမပါဘူးနော် ငါမကိုင်တတ်ဘူး။ ငါက လက်သမားပဲလုပ်မှာတဲ့။
လူဝ က စက်ကိုင်ဖို့အရေးမကြီးဘူး လူအထင်ကြီးဖို့ပဲ အရေးကြီးတာ ငှါးပီး ဘေးနားထောင်ထားလိုက်ရုံပဲ ဘာခက်လဲကွ။
ဒီတစ်ခါ လူဝကို အထင်ကြီးသွား၏။ ငါတောင်အထင်ကြီးသွားတာ သူများတွေလဲ ငါတို့ကိုအထင်ကြီးကြမှာပဲဟုတွေးပီး သူပြောတဲ့နည်းအတိုင်း လုပ်ကြသည်။

ပရောဂျက်အဖွဲ့သားတွေကော ဂျုနီယာကျောင်းသားကျောင်းသူတွေပါ အထင်ကြီးအားကျသောမျက်လုံးများဖြင့် အားပေးကြသည်။
အနားကဖြတ်လျောက်သွားသော ဆရာဦးလှသိန်းမှ ဒါမှ ကိုယ့်တပည့်တွေကွဟု အဓိပ္ပါယ်ဖြင့် လက်မထောင်ပြသွား၏။
လူဝ ပုဆိုး ဂဒေါင်းကျိုက်ပီး ကလဲလက်ရည်မကျတန်းတူး၏။
အခုထိတိုင်အောင် လူဝ ၏ပုဆိုးအပေါက်ကြီးကို မျက်လုံးထဲ  မြင်ယောင်နေသေး၏။
 
လူဝ တစ်ခါပေါက်လိုက်တိုင်း သုံး လေး ခါလောက်လှုပ်သွား၏။
ကျောင်းသူတွေက လက်ခုပ်လက်ဝါးတီးပီးအားပေးကြ၏။
လက်ခုပ်တီးလေ လူဝ ပိုပီးပေါက်လေ ပုဆိုးကြီးလဲပိုလှုပ်လေဖြစ်၏။
ကျနော် လဲပိုပီး ဖတ်ဖတ်မောအောင် သယ်ရ၏။
 
ကျနော်လဲ မြေကြီးကိုဗန်းထဲထည့် ပုခုံးပေါ်ထမ်း၍ ခေါက်တုံ့ခေါက်ပြန် သယ်လိုက် ဖို့လိုက် တာဝန်အတိုင်းလုပ်၏။
စာဂျပိုးအုပ်စု စန်းလွင်တို့ ညီညီရှိန်တို့ အဖွဲ့ရောက်လာပီး ငါတို့လဲကူမယ်ဆိုပီးဝိုင်းကူကြလို့ တစ်နာရီ ငါးဆယ့်ခုနှစ်မိနစ်အတွင်း မြေကြီးလုပ်ငန်းလျှင်မြန်စွာပီးသွား၏။
အားလုံး လက်ခုပ်တီး၍ဩဘာပေးကြ၏။

 
လူဝနဲ့ကျနော်တို့ပီးတော့ ဖောင်ဒေးရှင်းအတွက် ပန်းရန်အလုပ်စရတော့မည်။

ခက်ပီ အစည်းဝေးတုန်းက ပန်းရန်ကိစ္စထည့်မတွက်ခဲ့ကြ။ ဒါနဲ့ပဲ အဖွဲ့ခေါင်းဆောင် ဆရာတော်သန်းဝင်းကိုဝိုင်း ဗလိန်းလုပ်ကြတော့သည်။
စီစဉ်တာ ညံ့လို့ဒီလိုဖြစ်တာ ကိုယ်တိုင်ပန်းရန်ဆင်းလုပ်လို့ ဝိုင်းဆော်ကြပါတော့သည်။
မခံနိုင်တဲ့အဆုံး ပရောဂျက်ပလန်နာဆရာတော်သန်းဝင်း ကိုယ်တိုင်ဆင်းပီး ခါးတောင်းကျိုက်ကာ ဘိလပ်မြေအိတ်ဖောက်ပီး မဆလာစဖျော်ပါတော့သည်။
ဒါတောင် ဟေ့ ငါက ဂျုတီ ၂ခုဖြစ်နေပီ အမြင်မတော်တဲ့လူဝိုင်းကူကြအုန်းလို့ ဆရာတော်မှအသနားခံနေသေး၏။

 
ကံသိန်းမှ အီးသွားပါအုန်းမယ်ဟုအကြောင်းပြရှောင်ထွက်၏။။
ငါတို့တာဝန်ပီးပီဆိုပီး လူဝက ကျနော့လက်ကိုကုတ်ပီးပြောကာထသွားသည်။
ကျနော်လဲ လူဝနောက်လိုက်ရကောင်းနိုးနိုး ဆရာတော်ပဲ ကူရကောင်းနိုးနိုး ဇဝေဇဝါဖြစ်လျှက် နောက်ဆုံးတော့ ပျင်းတာလူသက်သာတယ်ဟု နှလုံးသွင်းပီး ကျောင်းကင်တီးသွားထိုင်နေလိုက်ပါတယ်။

 
တစ်နာရီလောက်ထိုင်ပီး ဆိုက်ထဲပြန်သွားတော့ မနေနိုင်တော့လား မကြည့်ရက်တော့လားမသိ စိုးမင်း နှင့် ခင်မြင့် တို့သူငယ်ချင်းကောင်းပီသစွာ ဝိုင်းကူနေတာတွေ့ရပါသည်။
ကျနော်လဲ ကူအုန်းမှပဲလို့ဆိုကာ အုတ်တွေသယ်ကာ ပန်းရန်ဆရာတဖြစ်လဲ ဆရာတော်သန်းဝင်းအား လှမ်းပေးနေမိပါတော့တယ်။
အဖွဲ့ခေါင်းဆောင်ဆရာတော်သန်းဝင်းမှ ညက ယမကာမှီဝဲထားပုံရသောပါးစပ်ကြီးမှ သာဓု သာဓု ဟုပြောလိုက် အုတ်တွေစီလိုက်ဖြင့် ပန်းရန်အလုပ်ကိုကြုံးလုပ်နေပါတော့သည်။
ကျနော် အုတ်သယ်ရင်း သပြေဆောင်ဖက်လှမ်းကြည့်လိုက်တော့
 
လား လား
ဆလိမ် ဆရာကြီး သပြေဆောင်ဝင်းထဲကသစ်ပင်ရိပ်အောက်မှာ ကုန်းလိုက်ကွလိုက်နဲ့ ခေါင်းမဖော်တန်းတွေ အားမာန်ထည့်ပီး  ရွေဘော်ထိုးနေတာတွေ့ရပါသည်။
သူပြော ပြောနေတဲ့စကားလုံးအတိုင်း လှေကြီးထိုးနည်းအတိုင်းဖြစ်ပါသည်။

ထမင်းစားမ။နားခင်လေးမှာပဲ ဆရာကြီးနှင့် တို့ လက်သမားအဖွဲ့မှ ပန်းရန်အဖွဲ့နှင့်တိုင်ပင်ကိုက်ထားသည့်အလား ကျည်းဘောင်တို့ တန်ခါးရွက်တို့လာတပ်ပါတော့သည်။
အားလုံးဇာတ်တိုက်ထားသကဲ့သို့ အံကိုက်ကွက်တိဖြစ်နေပါတော့သည်။
 
မွန်းလွဲထမင်းစားနားအပီး အုတ်စီပီး၍ အဆောက်အဦးအပြင်ဖက် ဆရာတော်သန်းဝင်းမှ ပလာစတာအချောကိုင်မည်ဟုဆိုကာ မဆလာဖျော်ရန်ကျနော့အားတာဝန်ပေးပါသည်။
ကျနော်နှင့် စိုးမင်း မဆလာဖျော် ပန်းရန်ခေါင်းဆောင်သန်းဝင်းနှင့် လက်ထောက်ခင်မြင့်တို့အချောကိုင်ကြပါသည်။
မွန်းလွဲ ၃နာရီ မထိုးခင် အပြင်ဖက်အချောထည်ပီးပါသည်။
 
ဒီအချိန်ထိ အိမ်သာလှေကားဒီဇိုင်နာ လက်ထောက်အာခီတက် ကံသိန်း နှင့် တာဝန်ခံ ဂျပန်အာခီတက်ကြီး လောကြီးမျိုသန့်တို့ ပျောက်ချက်သားကောင်းနေပါသည်။
၃နာရီ ခွဲကျော်မှ အာခီတက် နှစ်ယောက်သား အူရားဖားရားပေါက်ချလာပီး ဒယော်ရင်တစ်ထပ်ကြီးနှင့် စပီးအလုပ်ရှုပ်ကြပါတော့သည်။
ပေကြိုးတွေဆွဲ မတ်ကာတွေနှင့် ဟိုခြစ် ဒီမှတ်လုပ်ကြပီး အုတ်စီပုံဖော်ကာ လှေခါးကို မျက်လှည့်ပြလိုက်သည့်အလား အချိန်တိုတိုအတွင်း အံ့မခန်းတည်ဆောက်သွားကြပါသည်။

 
ပီးတော့ ပက်ကင်အထုပ်ကြီးတစ်ထုပ်ကို အိမ်သာအဆောက်အဦးအတွင်းသယ်သွင်း၍ လက်သမားဆရာကြီးတို့အဖွဲ့ တပ်ထားသော တံခါးကြီးကို အထဲမှဂျက်ချကာ ဘေးလူအနှောင့်အရှက်မရှိအောင်ပြင်ဆင်ကာ လျှို့ဝှက်စွာ အာခီနည်းပညာဖြင့် ဘာတွေလုပ်နေမှန်းမသိအောင် တည်ဆောက်ကြကုန်လေ၏။

 
ဆရာကြီး လဲ သူ့တံခါးပျက်စီးမည်စိုး၍ တံခါးကို ရည်းစားပမာ အသာအယာထုပီး ငါ့တံခါးပျက်ရင် မင်းတို့နဲ့ငါနဲ့ အတွေ့ပဲဟု အပြင်မှကြိမ်းဝါးနေ၏။
အထဲတွင်တော့ လွှတိုက်သံ ဒရွေဖောက်သံ ထုနှက်သံတို့အတိုင်းသားကြားနေရ၏။
ရေလောင်းချသံတွေပါ အဆက်မပြတ်ထွက်ပေါ်နေ၏။
၄ နာရီကျော်ကျော်လောက် အာခီတက် နှစ်ယောက် ချွေးတလုံးလုံးနှင့်ပြန်ထွက်လာမှ လက်သမားဆရာကြီးလဲ စိတ်ချလက်ချပြုံးနိုင်တော့သည်။

အထဲက အာခီတက်နှစ်ယောက်ထုရိုက်သောကြောင့် ပလာစတာတွေ အက်ကွဲမှုရှိ မရှိကို ပန်းရန်ခေါင်းဆောင်ကြီး ဆရာတော်သန်းဝင်းမှ အဆောက်အဦးပြင်ပ တဝိုက်လှည့်ပတ်စစ်စေးနေခဲ့၏။
ချို့ယွင်းချက် ဒီဖက်တစုံတရာမတွေ့၍ ဝမ်းသာစိတ်ချသော အမူအယာပြကာ ကျနော်နှင့် စိုးမင်းအား ဒီနေ့တော့တော်လောက်ပီ အရက်ဆိုင်သွားစို့ဟုဆော်ဩသဖြင့် သုံးယောက်သား ကျောင်းရှေ့မျက်စောင်းထိုးမှ ဘီအီးဆိုင်သို့ ချီတက်ခဲ့ကြသည်။

ခင်မြင့်က ငါပြန်တော့မယ် မလိုက်တော့ဘူး အိမ်ပြန်ထမင်း ဟင်းချက်ရအုန်းမယ် နို့မို့ညစာငတ်မှာကြောက်လို့ဆိုပီး ထွက်တော့မည့် ဒညင်းကုန်း အင်းစိန် ဘတ်စကားအိုကြီးနောက် မမှီမကမ်းပြေးလိုက်တွယ်တက်သွာပါတော့သည်။
ဒါနဲ့ပဲ ဘီအီးအရက်ဖြူနဲနဲစီ ချပီးတော့ အဆောင်ဖက်ပြန်ခဲ့ကြပါတော့သည်။
သပြေဆောင်အလွန် ပရောဂျက်အဆောက်အဦးနားရောက်တော့

 
ဟား
ဆရာကြီး ကြက်ဖ နှင့် သိန်းထွေး တို့ကို ဆလိုက်မီးတွေ တဝင်းဝင်းထွန်းလျှက် အိမ်သာအဆောက်အဦးအမိုး အပြီးသတ်မိုးနေတာတွေ့ရပါသည်။
ဆရာကြီး လုပ်လှချေလားလို့ လှမ်းမေးလို့ မင်းတို့လိုငပျင်းမဟုတ်ဘူးကွ ကြိုးစားရမယ်ကွလို့ ပြန်ပြောလို့ သင်္ကံာမကင်းဖြစ်မိပီး သပြေဆောင်ထဲအကဲခပ်တော့
အဆောင်ဝင်းအတွင်း မှုန်ဝါးဝါးအလင်းရောင်အောက်မှာ လက်ထဲကစိပ်ပုတီးနှင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတဲ့ နှင်းဆီခင်လေးကိုတွေ့ရပါတယ်။
ကျနော်တို့လူအုပ်လဲ သပြေဆောင်ရှေ့ရောက်တော့ လှစ်ကနဲ ပျောက်သွားတာသတိထားမိပါသည်။
ဆရာကြီးလဲ ကျနော်တို့ အရက်သမားတအုပ်ကို လက်သီးထောင်ပြပီး သူ့အလုပ်ကိုသိမ်းလိုက်ပါတော့သည်။
 
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
 
အိမ်သာအဆောက်အဦးလဲ ပြီးသလောက်ဖြစ်ပီး မီးတပ်ဆင်ရန်နှင့် ဆေးသုတ်ရန်သာကျန်တော့သည်။
ဒီလက်စသပ်ကိစ္စ၂ခုလုံးလဲ ပရောဂျက်ပလန်နင်းထဲ ထည့်မဆွဲထားသည်မို့ အဆင်ပြေရာ ဂရုမှပဲလုပ်ရကိန်းရှိသည်။
 
ကွန်စတျပ်ရှင်း ဒုတိယနေ့မနက် ဆိုက်ထဲအဖွဲ့ဝင်တွေပြန်စုမိကြသည့်အခါ အထက်ပါလုပ်ငန်းကြီး၂ရပ်ကျန်သေးကြောင်းကျနော် အဖွဲ့ခေါင်းဆောင်ကိုတင်ပြပါသည်။
မင်းတို့ကလဲပီးခါနီးမှ ဟိုဟိုဒီဒီမပြောကြနဲ့တော့။ တက်ညီလက်ညီဝိုင်းလုပ် လိုက်ကြ။
ဆေးသုတ်တယ်ဆိုတာအလွယ်ဆုံးကိစ္စ ဒါကြောင့် ငါ ပလန်နင်းထဲ ထည့်မဆွဲထားတာ တစ်ယောက်နဲနဲသုတ်လိုက်ယုံပဲ။
သူ့ဟာသူ ညံ့ပီးမပါတာ ဆရာတော်သန်းဝင်းက အရှက်ပြေသိက္ခာဆယ်သွားသေး၏။

နောက်ဆုံး မီးအတွက် ဘာမှမပူနဲ့ ငါတို့လဲ ဒီမီး တပ်ဆင်တာ ဘာမှသိကြတာမဟုတ်ဘူး။
အီးပီ ကဟိုလက်ချာဆရာမငယ်ငယ်ချောချောလေး ကိုငါအကူအညီတောင်းလိုက်မယ်။
လုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်ကခေါင်းဆောင်လိုပြောပါ ဖွန်မကြောင်နဲ့ ဟု အစစ်စတန့်အာခီတက် ကံသိန်း မှညှောင်နာနာဖြင့် ဝင်နှက်လို့ဆရာတော်က လက်သီးထောင်ပြ၍ မင်းသိမယ်ဆိုတဲ့ဟန်ပြု၏။
အပြီးသတ်တော့ ၎င်းဆရာမလေးက ကျောင်းအတွက်ပဲကူညီရမှာပေါ ့နင်တို့အိမ်သာအဆောက်အဦး ဖွင့်ပွဲကျ ငါ့လဲဖိတ်အုန်း ဟုဆိုပီး အီးပီကျောင်းသား၃ယောက်စေလွှတ်ပေး၍ မီးတပ်ဆင်မှုလဲအခက်အခဲမရှိပဲပြီးခဲ့ရသည်။

လုပ်ငန်းပိတ်ပွဲအနေဖြင့် ပရောဂျက်အဖွဲ့ဝင်အားလုံး တစ်ယောက်မကျန် တစ်ယောက်တစ်လက် တစ်ချက်တစ်ကွက်ဆေးဝင်သုတ်ကြရန်ဟု အဖွဲ့ခေါင်းဆောင်၏ နောက်ဆုံးညှန်ကြားချက်ကို ကန့်ကွက်သူမရှိပဲ ကိုယ်ထင်ရာကိုယ်သုတ်ကြပီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အောင်မြင်စွာအဆုံးသတ်လိုက်ခဲ့ကြပါတော့သည်။
 
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဆရာတော်ကြီးဦးဇင်းသန်းဝင်း မတွက်ချက်ပဲရမ်းတုတ်အာပလာ ပလန်နင်ချထားသော တစ်လနှင့် ငါးရတ်ကြာမည့်ဆောက်လုပ်ရေးလုပ်ငန်းအား ၁၉၈ရကျောင်းဆင်းတော့မည့် အင်းစိန်စက်မှုလက်မှုသိပ္ပံ(မြို့ပြ) နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများမှ နှစ်ရက်အတွင်း ပီးစီးအောင်တည်ဆောက်ပြီး
ကမ္ဘာစံချိန်ချိုး  ဂီးနစ် စာအုပ် တွင်မှတ်တမ်းတင်ခံရပါတော့သည်။
 
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
 
နောက်တစ်နေ့ နံနက် ၉နာရီ၃ဝမိနစ်တိတိတွင် ခေတ်မှီရေလောင်း(ရေဆွဲ)အိမ်သာဖွင့်ပွဲကို အဆောက်အဦးတည်ရှိရာနေ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့လေသည်။
ကျောင်းအုပ်ဆရာကြီးမှ အဖွင့် မိန့်ခွန်းပြောကြားပီး ဖိုက်စတားဂရုကိုင်ဆောင်ထားသော ဖဲကြိုးကို မြို့ပြဌာနမှူး ဆရာမဒေါ်XXX  ကဖဲကြိုးဖြတ်ကာ အောင်မြင်စွာဖွင့်လှစ်ပေးလိုက်ပါသည်။

မြန်မာ့ရုပ်မြင်သံကြားဌာနမှလဲလာရောက်မှတ်တမ်းတင်ရိုက်ကူးပါသည်။
အားလုံးသောကျောင်းသားကျောင်းသူတို့၏မျက်နှာများမှာလဲ ဂုဏ်ယူတက်ကြွစွာဖြင့်မာန်တက်နေကြပါသည်။
 
ဖဲကြိုးဖြတ်ပီးသည်နှင့် မြို့ပြဌာနမှူးမှ ကျောင်းအုပ်ဆရာကြီးအား စတင်အသုံးပြုပါရန် ဦးစားပေးလိုက်ပါသည်။
လေဒီ ဖတ်စ် ပဲဖြစ်သင့်ပါတယ်ဟုဆိုကာ ဌာနမှူးဆရာမအားပြန်လည်ဦးစားပေးသဖြင့် ဆရာမမှ ဧည့်သည်တော်အဖြစ်တက်ရောက်လာသော အီးပီမှ ကျနော်တို့ကိုအကူအညီပေးခဲ့သည့်ဆရာမငယ်လေး အား စတင်အသုံးပြုစေပါသည်။
 
တစ်မိနစ်နှင့်ခြောက်စက္ကန့်အကြာ တံခါးဖွင့်၍ပြန်ထွက်လာပါသည်။
တံခါးပြင်ပတွင် အသင့်စောင့်ဆိုင်းနေသောမြန်မာ့ရုပ်မြင်သံကြားဌာနမှ ဆရာမအားအင်တာဝိုင်းဗျူးကြပါသည်။
ဆရာမမှ တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ လက်ကိုကာ၍ညင်းဆိုပါသည်။
ဒုတိယ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်ဝင်ရောက်ပီး သူ့ကျောင်းသားများ၏လက်ရာကိုအားပေးပါသည်။
ပြန်ထွက်လာတော့ မြန်မာ့ရုပ်မြင်သံကြားဌာနမှ အင်တာဗျူးပြန်ပါသည်။ ဂုဏ်ယူစွာ အားတက်သယောဖြေကြားနေတာကိုလဲမြင်နေရပါသည်။
သုံးယောက်မြောက်အနေဖြင့် ကျနော်တို့မြို့ပြဌာနမှူး ဆရာမ အလှည့်ကျပါသည်။ ၂မိနစ် နှင့် သုံညဒသမ ၅၈စက္ကန့်တိတိ ကြာပါသည်။
 
ပြီးကျောင်းသူများအလှည့်ကျ ဝင်ရောက်အသုံးပြုကြ၏။
ဤတွင် ကံသိန်း နှင့် ခင်မြင့် တို့ တစ်စခန်းထကြပြန်သည်။
ဟေ့ ဒီကိစ္စဒီလိုအောင့်ထားလို့မရဘူးကွ ခုရှင်းမယ် ဟုအသံပြဲဖြင့်အော်ကြတော့ ပရောဂျက်ခေါင်းဆောင် ဆရာတော်သန်းဝင်း နှင့် စိုးမင်းတို့မှ မင်းတို့ကလဲ စိတ်လျှော့ကြပါ လေဒီ ဖတ်စ်လေကွာဟု ဝင်ပီးဖြန်ဖြေမှငြိမ်သွားကြ၏။

သပြေဆောင်မှ ကျောင်းသူအားလုံးအလှည့်ကျဝင်ကြ၏။
နှင်းဆီခင်လေး အလှည့်ကျတော့ ဆရာကြီးကိုလှမ်းကြည့်မိတော့ တစ်ခုခုစိုးရိမ်နေသလိုလို ကျေနပ်နေသလိုလိုဖြင့် မျက်လုံးမှာအရောင်တဖြတ်ဖြတ်လက်နေသည်ကို တွေ့ရသည်။
ကျောင်းသူအားလုံးပီးတော့ ကျောင်းသားများလာနိုင်ပါပြီလို့ကြေငြာသံမဆုံးခင် ထီးစိုင် ထပြေးတော့သည်။
ပါးစပ်မှလဲ ငါအရင်တစ်မယ်ကွလို့အော်သွားသေး၏။

ခုဏက ဒီကိစ္စချက်ချင်းရှင်းရမယ်ဆိုပီးမာန်တက်နေသော ခင်မြင့် နှင့် ကံသိန်း တို့နှစ်ယောက် ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့၏။
အားလုံး ဝါးကနဲ ရီသံထွက်လာ၏။
 
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒီလိုနှင့် အားလုံးနီးနီး ကိုယ့်ကိစ္စတွေပီးကြပီး လူရှင်းသွားချိန်ရောက်တော့ မြို့ပြဌာနမှူး မှ ကျနော် တို့တည်ဆောက်ရေးအဖွဲ့ဝင်များကို တန်းစီစေပါသည်။
စကားအနဲငယ်ပြောပီးနောက် မင်းတို့ထဲက ဒီအိမ်သာအဆောက်အဦး ခိုင်ခံ့အောင်ဘယ်သူတွက်တာလဲဟေ့ ဟုမေးတော့ ဒီဇိုင်နာ စန်းခိုင်ကလက်ထောင်၍ရှေ့သို့ထွက်လာပါသည်။
ကျနော်ပါဆရာမ ကျနော်ဒေတာတွေကိုသေချာလေ့လာပီးမှဒီဇိုင်းလုပ်ထားပါတယ်။
ပီးတော့ အငယ်ဆုံးကျောင်းသူအရွယ်ကနေ အုန်းပင်အောက်ဖြတ်လျှောက်ရင်အုန်းသီးကြွေကျတဲ့ ဂင်ဂင်ဇိုးတို့ ထောင်ထောင်မောင်းမောင်းအရွယ် ဂျိုဒင်းဇံတို့ ဆိုက်အထိသုံးနိုင်ရန်အသေးစိတ်တွက်ချက်ဒီဇိုင်းလုပ်ထားပါတယ်ဆရာမ လို့ဖြေတော့ အေး ဘဲရီးဂွတ် လို့မှတ်ချက်ပေးပါတယ်။
မင်း သေချာပေါက် ဂုဏ်ထူးထွက်မှာပဲ ဟုချီးကျူး၏။
ငနဲ ပါးစပ်မပိတ်နိုင်အောင် သဘောကျသွား၏။

ကဲ နောက်တစ်ယောက် အာခီတက်ဒီဇိုင်နာ ဘယ်သူလဲ ဟုဆရာမ၏ အမေးမဆုံးခင်မှာပဲ အာခီတက် လောကြီးမျိုးသန့် ကံသိန်းခြေထောက်ကိုတက်နင်း၍ ကျနော်ပါဟု ရင်ကော့ပီးဦးစွာထွက်လာသည်။
အေး မင်းရဲ့ဒီဇိုင်းကတော့ ပြောစရာမရှိအောင် ခေတ်မီသပ်ရပ်လှပါတယ်။
အာခီတက်လောကြီး ကျနော်တို့နောက်ဖက်လှည့်ပီး လက်မထောင်ပြပါသည်။
အခု ငါမင်းဆီကတစ်ခုသိချင်လို့ ဆိုတော့ ဟုတ်ကဲ့ မေးပါဆရာမဟုမာန်တက်ပြုံး (ငခူပြုံး)ဖြင့်ဖြေသည်။
အေး မင်းရဲ့ အိမ်သာခြေနင်းခွက် (ဖွတ်ဆိ) ဒီဇိုင်း ဘယ်လိုလုပ်ထားလဲဆိုတာပါ ဟုမေးပါသည်။
အာခီတက်လောကြီးမျိုးသန့် မှ အာဘောင်အာရင်းသန်သန်ဖြင့်ရှင်းပြတော့၏။

တံတွေးတောင် အရှိန်ထွက်လာသဖြင့် ဌာနမှူးဆရာမ ဘေးသို့တစ်ကွက်ရှောင်လိုက်သည်ကိုအားလုံးမြင်လိုက်ရ၏။
ဒီလိုပါဆရာမ ဘယ်နိုင်ငံမှာမှမသုံးစွဲရသေးတဲ့ဒီဇိုင်းပါ ခြေနင်းခွက်ကို ဖနောင့်တစ်ပေ နဲ့ ရှေ့နှစ်ပေ မီးသဒုတ် (method) နဲ့ စီမံတီထွင်ထားတာပါ ကျောင်းအုပ်ကြီးကလဲ ခေတ်မီပတ်ကားဖြစ်အောင်လုပ်ပါလို့ ညွှန်ကြားထားလို့ပါ ဟုပြန်ဖြေပါသည်။

ဪ ဒါ့ကြောင့်ကိုး နင်တို့အိမ်သာ သုံးပီးကတဲက ကားရလိုက်တာ အခုလမ်းလျှောက်ရတာလဲကားနေတာကိုး အေးလေ ပတ်ကားအိမ်သာပဲလေဟု နောက်ဆုံးမှတ်ချက်ကို ဆရာမ ပေးသွားပါတော့သည်။
 


အင်း ကျနော်လဲ အခုမှသတိထားမိတော့သည်။
အဲဒါကတော့
(၁)ဧည့်သည်တော် အီးပီမှ ဆရာမငယ်ချောချောလေး အင်တာဗျူးကိုဖြေဆိုဖို့ ငြင်းဆန်ခဲ့တာလဲ နှင့်
(၂)သပြေဆောင်ကျောင်းသူတွေထဲက တစ်ဦးသောသူသုံးတုန်းက ဆရာကြီး ဘာကိုစိုးရိမ်နေတာလဲဆိုတာ ဖြစ်ပါတော့သည်။
 

 
နောက်ကျတော့ ကျနော် ကျောင်းသားအဖွဲ့ဝင်များကို အိမ်သာအဆောက်အဦးသစ်ခံစားမှုကိုတီးခေါက်ကြည့်တော့ ဘယ်သူမှအထူးတလည်ခံစားမှုမရှိကြ။
ယောက်ျားသားများမို့ ဖြစ်မည်ထင်သည်။
အားလုံးက နော်မယ်ဖြစ်ကြပါ၏။

ဒါမဲ့ အောင်ငြိမ်းကိုမေးကြည့်တော့ ထူးခြားချက်တစ်ခုကိုပြန်ပြောပြ၏။
အောင်ငြိမ်းအပြောကတော့ ငါ့အလှည့်မှာ မသုံးခဲ့ပဲ စူးစမ်းလေ့လာမှုပဲလုပ်ခဲ့ကြောင်း မောင်းတံလေးတစ်ခုတွေ့လို့ဆွဲလိုက်တာ ရေတွေကျလာကြောင်း ဒါနဲ့လက်ဆေးတုန်းရပ်သွားကြောင်း ထပ်ဆွဲကြည့်တော့လဲ လက်ဆေးဖို့ပဲအချိန်ရကြောင်း မျက်နှာသစ်ဖို့အချိန်မရကြောင်း စနစ်တကျပြောပြခဲ့ပါသည်။
ဒါလေးကိုထပ်ပီး ပိုကောင်းအောင်လုပ်သင့်ကြောင်း အာခီတက်လောကြီးမျိုးသန့်ကို အကြံညာဏ် ပေးချင်ကြောင်း ဒီအသေးအဖွဲလေးကလွဲရင် အိမ်သာအဆောက်အဦး ကတော့
ပတ်ကားပါပဲဟု ပြောသွားခဲ့ပါသည်။
 

 
ကျနော်လဲဦးနှောက်စားသွားပါသည်။

အောင်ငြိမ်းပြောတဲ့ "ပတ်ကား" နဲ့ မြို့ပြဌာနမှူးဆရာမ မှတ်ချက်ပေးသွားတဲ့ "ပတ်ကား" စကားလုံးတူပီး ဘာလို့အဓီပ္ပါယ်မတူတာလဲ ဖြစ်ပါတော့သည်။
ဆရာကြီးကိုမေးရင်တော့ အဖြေရမယ်လို့ထင်ပါသည်။
 

 
မှတ်ချက်။ ပါဝင်သူအားလုံးကို နှိမ့်ချစော်ကားလို၍မဟုတ်ပဲ ၁၉၈၇ ဘက်ချ်ကျောင်းသားကျောင်းသူများ၏ ချစ်ခင်စည်းလုံးမှုကိုထင်ဟပ်ပြလိုသော စေတနာဖြင့်ဤစာစုကိုရေးဖွဲ့မိပါသည်။(အားလုံးကိုခင်မင်ရင်းနှီးသော ဝင်းနိုင်ဦး)

No comments:

Post a Comment