Monday, August 24, 2015

" မုန့်ပေါင်း "



" မုန့်ပေါင်း "
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်စ် နှင့် အိန္ဒိယ လူမျိုးများ စားလေ့ရှိသော မုန့်လေးဖြစ်ပါတယ်။ မြန်မာလူမျိုးများက ဌာပနာအဖြစ် အုန်းယိုကို သုံးသလို၊ ဌာပနာမထည့်ပဲ မုန့်အပေါ်တွင် ပဲလွမ်းဖြူးကာပေါင်း၍ ဆီ၊ဆား၊ နှမ်း တို့ဖြင့် သုံးဆောင်လေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်စ် နှင့် အိန္ဒိယ လူမျိုးများကတော့ အုန်းယိုမသုံးပဲ အုန်သီးဖတ် နှင့် ထောင်း (သို့) ချေထားသော ကြံသကာကို ရောထည့် သုံးလေ့ရှိကြပါတယ်။
ညအိပ်ရေစိမ်ထားသော ဆန်ကို အခြောက်ကြိတ်ပြီး သုံးရပေမယ့် ကျွန်မကတော့ ဆန်မှုန့်ကိုပဲ သုံးပြီး လုပ်ထားပါတယ်။
ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၁၀ ဇွန်းကို လုပ်ပါက အချင်း ၃ လက်မခန့်ရှိပြီး ဇောက်မနက်သော ပန်းကန်လုံးကို သုံးလျှင် မုန့် ၃ ခု ရပြီး၊ ဇောက်နက်ပါက မုန့် ၂ ခုစာဖြစ်ပါတယ်။ ဇောက်မနက်သော ပန်းကန်လုံးသုံးပါက ပေါင်းချိန်နည်းပြီး မုန့်သားပိုစားကောင်းစေပါတယ်။
***... အုန်းနို့ဖြင့်ထိုးသော အုန်းယို အတွက် လိုအပ်တာလေးတွေ…
palm sugar (ထန်းလျက်) – 100 g
အုန်းနို့ – 1/4 cup (60 ml)
ဆား – 1/8 tsp
ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
#. palm sugar နှင့် အုန်းနို့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
#. palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)
#. အရည်စေးစေးပစ်ပစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယို ပိုပြီးစားကောင်းစေရန် အရမ်းခြောက်ကပ်သွားအောင် မကျိုရပါ။)
အုန်းယိုအများကြီး မလိုအပ်ပေမယ့် မုန့်အမျိုးမျိုးလုပ်ရာတွင် အသုံးပြုနိုင်သည့်အတွက် ပိုပြီးထိုးထားခြင်းဖြစ်ပါတယ်။
ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိုင်ပါသည်။ သိမ်းထားသော အုန်းယိုကို ပြန်မသုံးခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ပြီးမှ သုံးပါ။
***... မုန့်ပေါင်း လုပ်ရန် လိုအပ်တာလေးတွေ…
1. ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၁၀ ဇွန်း
2. ဆား – အနည်းငယ်
3. ရေ – ထမင်းစားဇွန်း ၂ ဇွန်း
4. နွားနို့ – ထမင်းစားဇွန်း ၂ ဇွန်း
5. အုန်းယို – လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်
#. ဆန်မှုန့် ထဲ ရေ နှင့် ဆား ထည့်ကာ လက်ချောင်းထိပ်များဖြင့် ဖိချေနယ်ပေးပါ။
#. အတော်လေးနှံ့အောင် နယ်ပြီးလျှင် နွားနို့ ထည့်ကာ စလုံးစခုဖြစ်နေသည်များ တတ်နိုင်သမျှကြေသွားအောင် လက်ချောင်းထိပ်များဖြင့် ဖိချေပေးပါ။
#. ပြီးလျှင် လက်ဖြင့် ပွတ်တိုက်ပြီး ဇကာချပေးပါ။
#. ဇကာချပြီးပါက အောက်ပုံပါအတိုင်း ရေဖြင့်လုံးနေသည့် အတော်လေးသေးသော ခပ်စိုစို ဆန်မှုန့်လုံးသေးသေးလေးများ ရပါမယ်။
#. မိမိအသုံးပြုမည့် ခွက် အကြီး အသေးပေါ် မူတည်ပြီး ဆန်မှုန့် ကို ချင့်ချိန်ထည့်ပါ။
#. အုန်းယို နည်းနည်းဖြန့်ပြီး ထည့်ပါ။
#. ပြီးလျှင် နောက်ထပ် ဆန်မှုန့် အပေါ်မှ ဖြန့်ပြီးထည့်ပါ။ ပြန့်ပြူးသော မျက်နှာပြင်ရရန် လက်ချောင်းထိပ်လေးဖြင့် ခပ်ဖွဖွ အနည်းငယ် ဖိပြီး ညှိပေးပါ။
#. ရေစွတ်ပြီး ရေညစ်ထားသော သန့်ပြန့်သော အဝတ်စပါးပါးဖြင့် ခွက်အပေါ်မှ အုပ်ကာ ပုံပါအတိုင်း ဆုပ်ကိုင်၍…
#. high heat ဖြင့် အပူပေးထားသည့် ပွက်ပွက်ဆူနေသောရေနွေး အိုးပေါ်ရှိ ပေါင်းအိုးပေါ် မှောက်ပြီးတင်ပါ။
#. အဝတ်စကိုဖြန့်ကာ အထဲမှ အစာများ ပုံမပျက်ကျလာစေရန် ခွက်ကို လက်ဖြင့် အနည်းငယ်ခေါက်ပေးပြီးမှ ဖယ်ပါ။
#. ခွက်ဖယ်ပြီးသည်နှင့် မုန့်ကို အဝတ်စဖြင့်ခပ်ဖွဖွ ပြန်ဖုံးပါ။ အိုးအဖုံးပါ ဖုံး၍ high heat ဖြင့် ဇောက်မနက်သော ခွက်ကိုသုံးပါက ၅ မိနစ်ခန့် နှင့် ဇောက်နက်ပါက ၇ မိနစ်ခန့် ပေါင်းပေးပါ။
#. ၅ မိနစ်ခန့်ပေါင်းပြီးနောက် အဝတ်စမှ ကိုင်ပြီး ယူထုတ်ကာ ပန်းကန် (သို့) လက်ဝါး ထဲထည့်၍ အဝတ်စကို ဖြည်းဖြည်းချင်းခွါထုတ်ပြီးလျှင် ပူပူနွေးနွေး မုန့်ပေါင်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment